Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် နွယ်ညိုပင် ဆေးဖက်ဝင်
DVB
·
August 6, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် နွယ်ညိုပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

နွယ်ညိုပင်ကို သိပ္ပံလို Thunbergia Laurifolia လို့ခေါ်ပြီး အင်္ဂလိပ်လို laurel clock vine, blue trumpet vine, laurel-leaved thunbergia လို့ ခေါ်ကြပါတယ်။ မြန်မာအမည်အားဖြင့် နွယ်ညိုပင်ကို ကျီးကန်းနှုတ်သီး၊ ကျီးနီနွယ်၊ ပန်းရည်စုပ်နွယ် စသဖြင့် ဒေသအလိုက် အမျိုးမျိုး ခေါ်ကြပါတယ်။

နွယ်ညိုပင်မှာ iridoid glucoside, grandifloric acid, glucopyranoside, apigenin, delphinidin, phenolic acid, chlorogenic, caffeic, gallic, protocatechuic စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ အသည်းကို ကာကွယ်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အဆိပ်ဖြေအာနိသင်ရှိခြင်း၊ ဆီးချိုရောဂါကို တိုက်ဖျက်ခြင်း၊ သွေးသန့်စင်ခြင်း၊ အနာကျက်ခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ နွယ်ညိုပင်ရဲ့ အရွက်နဲ့ ပင်စည်တို့ကို သုံးစွဲကြပါတယ်။

အမျိုးသမီးများမှာ ဓမ္မတာသွေးအလွန်အကျွံဆင်းခြင်းအတွက် ဟင်းစားဇွန်းတဇွန်းကို သကြား ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

နားအူ၊ နားကိုက်ခြင်း၊ နားပိုးဝင်ခြင်းများအတွက် အရွက်သတ္တုရည် တစက်ကို နားထဲ ထည့်ပေးနိုင်ပါတယ်။

အရွက်မှ အစေး/အရွက်သတ္တုရည်/အရွက်မှုန့်တို့ကို ထိခိုက်ရှနာ၊ သွေးစုနာနဲ့ အခြားအနာများမှာ လိမ်းပေးခြင်းဖြင့် အနာကျက်စေပါတယ်။ အရွက်သတ္တုရည်ကို အပူလောင်ခြင်းအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အရွက်သတ္တုရည်ဟာ သဘာဝအဖျားကျဆေး အာနိသင် ရှိတာကြောင့် ဖျားနာရောဂါများမှာ အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်းတဇွန်းကို ငရုတ်ကောင်းမှုန့် ကော်ဖီ ဇွန်းဝက်ခန့် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာမကြေခြင်း၊ လေပွခြင်းအတွက် အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းလျှောခြင်း၊ ဝမ်းသွားချွဲပါခြင်း/သွေးပါခြင်း တို့အတွက် အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို နနွင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သန်ကောင်/တုတ်ကောင်နဲ့ အူလမ်းကြောင်းကပ်ပါးပိုးများမှာ အရွက်သတ္တုရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါမှာ အရွက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို သွေးတွင်းသကြားပမာဏ အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကိုယ်ခန္ဓာရောင်ရမ်းနာကျင်ခြင်း၊ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်းများအတွက် အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်နဲ့ ပင်စည်ဟာ သွေးကို သန့်စင်စေပြီး အစာအဆိပ်သင့်ခြင်းနဲ့ ဓာတုပစ္စည်း အဆိပ်သင့်ခြင်းများအတွက် အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်လက်ဖက်ခြောက် ရေနွေးကြမ်းကို အသင့်အတင့် သောက်သုံးပေးခြင်းဖြင့် မူးယစ်ဆေးဝါး၊ အရက်နဲ့ စီးကရက်တွေရဲ့ အန္တရာယ်ရှိတဲ့ အာနိသင်များကို ဖယ်ရှားပေးနိုင်ပါတယ်။ အသေးစား ဓာတ်မတည့်မှု တုံ့ပြန်မှုနဲ့ ဟင်းချိုမှုန့်၊ အရက်နဲ့ တခြားအရာများကြောင့် မအီမသာဖြစ်ခြင်းများကို တန်ပြန်ရာမှာ ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ချေဖျက်ပေးပြီး အဆိပ်အတောက်များမှ ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ဒိုပါမင်း ထုတ်လုပ်မှုကို နှိုးဆွပေးခြင်းဖြင့် မူးယစ်ဆေးဝါးနဲ့ အရက်စွဲခြင်းတို့အတွက် အကျိုးရှိပါတယ်။ အရက်နာကျခြင်း၊ အရက်စွဲခြင်းနဲ့ ဆက်စပ်တဲ့ အသည်းရောင်ရမ်းခြင်း၊ အသည်းခြောက်ခြင်းတို့အတွက် ရေနွေးကြမ်းကို နေ့စဉ် သောက်ပေးခြင်းဖြင့် အကျိုးရှိစေပါတယ်။ ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိတာကြောင့် ကင်ဆာ‌ဖြစ်ပွားနိုင်ချေကို လျော့ပါးစေပါတယ်။

ကင်းမြီးကောက် အဆိပ်တက်ခြင်းအတွက် အရွက်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် အဆိပ်ပြေစေပါတယ်။ အဆိပ်ရှိမြွေ ကိုက်ခံရခြင်းအတွက် (မြွေဆိပ်ဖြေဆေး လက်လှမ်းမမီသောနေရာမှာ) ပင်စည်နဲ့ အရွက်ကို ထုထောင်းပြီး သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနာရီခြား ၃ ကြိမ်၊ ၂ နာရီခြား ၃ ကြိမ်၊ ၃ နာရီခြား ၃ ကြိမ် စသဖြင့် နာရီခြား တိုက်ကျွေးပေးပြီး ထုထောင်းထားတဲ့ဆေးကို ဒဏ်ရာပေါ်မှာ အုံထားပေးကာ ၃ နာရီခြား တကြိမ် လဲလှယ်ပေးပါ။ အဆိပ်အာနိသင်ကို ပြေလျော့စေပြီး အသက်အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

နွယ်ညိုပင်ကို အသင့်အတင့်သုံးစွဲခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပါ။ နွယ်ညိုပင်ဟာ သွေးကို အလွန်ထိရောက်စွာ သန့်စင်ပေးတဲ့အတွက်ကြောင့် ဓာတုဆေးဝါးများကို သောက်သုံးနေသူများ နွယ်ညိုပင်ကို မသုံးစွဲသင့်ပါ။ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်များ နွယ်ညိုပင် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ နွယ်ညိုပင်နဲ့ ဓာတ်မတည့်သူများ နွယ်ညိုပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ နွယ်ညိုပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013