
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဒူးရင်းဩဇာပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဒူးရင်းဩဇာပင်ကို သိပ္ပံလို Annona muricata လို့ခေါ်ပြီး အင်္ဂလိပ်လို Soursop guanabana, paw-paw, sirsak, graviola လို့ ခေါ်ကြပါတယ်။
ဒူးရင်းဩဇာပင်မှာ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင်စီ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ သွပ်၊ ကြေးနီ၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ acetogenins, phenolic compound, flavonoid, alkaloid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ခုခံအားမြှင့်တင်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ တက်ခြင်းကိုကာကွယ်ခြင်း၊ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အဖျားကျစေခြင်း၊ အိပ်ဆေးအာနိသင်ရှိခြင်း၊ ဆီးရွှင်စေခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါ ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ဒူးရင်းဩဇာပင်ရဲ့ အမြစ်၊ အခေါက်၊ အရွက်၊ အသီးနဲ့ အစေ့တို့ကို သုံးစွဲကြပါတယ်။
အရွက်သတ္တုရည်ကို အရေပြားထိခိုက်ရှနာများမှာ အနာကျက်စေရန် လိမ်းပေးနိုင်ပြီး နှင်းခူနဲ့ အခြားသော အရေပြားပြဿနာများကို သက်သာစေရန်အတွက် အရွက်ကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဆီးလမ်းကြောင်း ရောင်ရမ်းခြင်း၊ ဆီးသွေးပါခြင်းနဲ့ အသည်းရောဂါများအတွက် အသီးဖျော်ရည် တခွက်ကို နံနက် အစာမရှိချိန်မှာ သောက်ပေးနိုင်ပါတယ်။
လတ်ဆတ်တဲ့ အသီးရဲ့အသားကို အနာများမှာ လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။
ကင်းမြီးကောက် ကိုက်ခြင်းအတွက် အမြစ်အခေါက်သွေးရည်ကို လိမ်းပေးခြင်းဖြင့် အဆိပ်ဖြေဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဒူးရင်းဩဇာသီးဟာ အကျိတ်ဆန့်ကျင်အာနိသင် ရှိတာကြောင့် အသီးမှည့်ကို ဟင်းစားဇွန်း တဇွန်းခန့် နေ့စဉ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အကျိတ်ဆဲလ်များ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပေးနိုင်ပြီး ကျောက်ကပ် အနည်ထိုင်ခြင်းကိုလည်း လျော့ပါးစေပါတယ်။
ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်တဲ့အာနိသင် ရှိတာကြောင့် ဒူးရင်းဩဇာသီးဖျော်ရည် သောက်ခြင်းက အဆစ်အမြစ်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
ဆီးချိုဝေဒနာရှင်များ ဒူးရင်းဩဇာသီး စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အင်ဆူလင် ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးတဲ့ အင်ဇိုင်းစနစ်ကို လုပ်ဆောင်ခြင်းဖြင့် ပိုလျှံနေတဲ့ ဂလူးကို့စ်များကို လျှော့ချပေးတာကြောင့် ဆီးချိုရောဂါကို သက်သာစေတဲ့အပြင် ရောင်ရမ်းမှု ဆန့်ကျင်အာနိသင်ကြောင့် ဟော်မုန်းစနစ်အတွက် ကောင်းမွန်ပြီး ဂလင်းများမှာ ဟော်မုန်းထွက်ရှိမှုကို ပုံမှန်ဖြစ်စေပါတယ်။
ဒူးရင်းဩဇာသီး အသင့်အတင့် စားသုံးပေးခြင်းက နှလုံးဖောက်ပြီးနောက် နှလုံးကြွက်သားများကို ပြန်လည်ကောင်းမွန်စေပြီး သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို တိုက်ဖျက်ပေးကာ စိတ်ငြိမ်ဆေးအာနိသင်လည်း ပါဝင်လို့ ညပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
သန်ကောင်/တုတ်ကောင်နဲ့ အစာလမ်းကြောင်း ကပ်ပါးပိုးရောဂါများအတွက် အရွက်မှုန့် ကော်ဖီ တဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။
အအေးမိခြင်းနဲ့ အကျိအချွဲ အမြှေးပါးရောင်ခြင်းအတွက် ဒူးရင်းဩဇာရွက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။
ဒူးရင်းဩဇာရွက်မှာ beta-carotene နဲ့ riboflavin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် ဒူးရင်းဩဇာရွက်ကို ရေနွေးကြမ်းပြုလုပ် သောက်သုံးပေးခြင်းက မျက်စိအတွင်းတိမ်နဲ့ မျက်ကြည်လွှာယိုယွင်းခြင်း စတဲ့ အိုမင်းရင့်ရော်ခြင်းနဲ့ ဆက်စပ်တဲ့ မျက်စိရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
ဒူးရင်းဩဇာရွက်ဟာ ရောင်ရမ်းမှုကို သဘာဝအတိုင်း ဆန့်ကျင်တဲ့ annonaine, annomuricine နဲ့ annonacin စတဲ့ဓာတ်ပေါင်းများ ပါဝင်တာကြောင့် ဒူးရင်းဩဇာရွက်ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်တွင်းရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။ ဒူးရင်းဩဇာရွက်မှာ alkaloid နဲ့ flavonoid များ ကြွယ်ဝပြီး နာကျင်ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ သဘာဝပစ္စည်း ဖြစ်တာကြောင့် အရွက်ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတို့ကို သက်သာစေပါတယ်။
အရွက်မှာ hypoglycin A နဲ့ B ပါဝင်ပြီး ပန်ကရိယကို အင်ဆူလင် ပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးခြင်းနဲ့ ခန္ဓာကိုယ်တွင်း အင်ဆူလင် အသုံးပြုနိုင်စွမ်းကို တိုးတက်စေတာကြောင့် ဆီးချိုရောဂါရှိသူများအတွက် သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်အပေါ် မူတည်ပြီး အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဆီးချိုထိန်းသိမ်းရာမှာ အလွန်အသုံးဝင်ပါတယ်။
အရွက်မှာ ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ဖိစီးမှုကို လျှော့ချပေးခြင်း စတဲ့အာနိသင် ပါဝင်ပြီး ပိုတက်စီယမ် ပါဝင်တဲ့အပြင် ဆီးသွားနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် အရွက်ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးတာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ကူညီပေးကာ ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်များကို ဆီးမှတဆင့် ဖယ်ရှားပေးတဲ့အပြင် ခန္ဓာကိုယ်အဆီစုပုံခြင်းကို တားဆီးခြင်းဖြင့် ကိုယ်အလေးချိန်ကို တဖြည်းဖြည်းကျစေတာကြောင့် အဝလွန်ခြင်းကို တားဆီးပါတယ်။
ဒူးရင်းဩဇာရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Vitamin C နဲ့ glutathione ကြွယ်ဝစွာပါဝင်ပြီး အသည်းကို ဓာတ်ကြွင်းပစ္စည်းများကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့အပြင် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပြီး အသည်းရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတာကြောင့် အသည်းကျန်းမာရေးကို တိုးတက်စေပါတယ်။
ဒူးရင်းဩဇာရွက်ဟာ သလိပ်ကြေဆေးအာနိသင်ရှိပြီး ချွဲသလိပ်များကို ပြေလျော့စေတာကြောင့် ချောင်းဆိုး၊ ပန်းနာ၊ လည်ချောင်းနာနဲ့ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ ဒူးရင်းဩဇာအရွက်ကို အမှုန့် ကော်ဖီတဇွန်း၊ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဒူးရင်းဩဇာရွက်မှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါ၀င်တာကြောင့် အစာလမ်းကြောင်း လှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးတဲ့အပြင် အကျိုးပြု ဘက်တီးရီးယားများ ကြီးထွားမှုကို ကူညီပေးတာကြောင့် ဒူးရင်းဩဇာရွက် အသင့်အတင့် စားသုံးပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
အရွက်မှာ ဗီတာမင် C၊ quercetin နဲ့ kaempferol ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ ခန္ဓာကိုယ်မှ ရောဂါပိုးများကို တိုက်ထုတ်ရာမှာ ကူညီပေးပြီး နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းကို တားဆီးပေးပါတယ်။
ဒူးရင်းဩဇာရွက်မှာ အဖျားကျဆေးအာနိသင် ရှိတာကြောင့် အဖျားရောဂါများမှာ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဒူးရင်းဩဇာရွက်ဟာ ဝမ်းလျှောခြင်းကို ဆန့်ကျင်တဲ့အာနိသင် ရှိတာကြောင့် ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်ခြင်းများမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဒူးရင်းဩဇာရွက်မှာ သွေးကြောတွေကို ပြေလျော့စေကာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါဝေဒနာရှင်များ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဒူးရင်းဩဇာရွက်ရေနွေးကြမ်း သောက်သုံးပေးခြင်းဖြင့် အရွက်မှာပါတဲ့ flavonoid နဲ့ Vitamin C ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်အတွင်းရှိ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေ ပျော့ပျောင်းမှုကို မြှင့်တင်ပေးတဲ့အပြင် အရွက်မှုန့်ကို သဘာဝ ဆံပင်လိမ်းဆေး အနေနဲ့ အသုံးပြုခြင်းဖြင့် ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။
ဒူးရင်းဩဇာသီးကို အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းက ဝမ်းပျက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ဒူးရင်းဩဇာသီးနဲ့ ဓာတ်မတည့်သူများ ဒူးရင်းဩဇာပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ အစေ့ဟာ အော့အန်စေတဲ့အာနိသင် ရှိတာကြောင့် စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ ဒူးရင်းဩဇာပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။