Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် သနပ်ပင် ဆေးဖက်ဝင်
DVB
·
August 13, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သနပ်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

သနပ်ပင်ကို သိပ္ပံလို Cordia dichotoma လို့ခေါ်ပြီး အင်္ဂလိပ်လို Sebesten, Glue berry, Pink pearl tree, Bird Lime tree, Fragrant manjack, snotty gobbles, anonang, Indian cherry, Lasora လို့ စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။

သနပ်ပင်အရွက်မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ အသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်စတဲ့ အာဟာရသတ္တုဓာတ်တွေ ပါဝင်ပြီး သနပ်ပင်မှာ B- sitosteryl-3, B- glucopyranoside, chlorophyll, B sitosterol, linoleoyl glycerol, linolenic acid, allantoin, gallic acid, caffeic acid, vanillic acid, syringic acid, phenolic စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ဘက်တီးရီးယား ဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ သနပ်ပင်ရဲ့ အရွက်၊ အသီးနဲ့ အခေါက်တို့ကို သုံးစွဲကြပါတယ်။ အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့် ဒဏ်ရာသစ်တွေနဲ့ အနာတွေကို သန့်စင်ဖို့အတွက် အခေါက်ပြုတ်ရည်ကို ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ခြင်း၊ ဗိုက်နာခြင်းနဲ့ အူလမ်းကြောင်း ပိုးကောင်တွေအတွက် အခေါက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်တွင်း ပူလောင်ခံစားရခြင်းနဲ့ ခန္ဓာကိုယ် ခြောက်သွေ့ခြင်းတို့မှာ လတ်ဆတ်တဲ့ အသီးဖျော်ရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသီးဟာ အဆုတ်မှ ပိုလျှံနေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချောင်းဆိုးတာနဲ့ ပန်းနာရင်ကျပ်ရောဂါတို့မှာ အသီးဖျော်ရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။ အသီးပြုတ်ရည်ကို လည်ချောင်းနာခြင်းတွေမှာ တခါသောက် ရေနွေးကြမ်းပန်းကန်တခွက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသီးဟာ သွေးပေါင်ချိန်ကို ထိန်းချုပ်နိုင်ပြီး ဓာတ်တိုးမှုဖိအားကို လျှော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါ ဝေဒနာရှင်တွေ အသီးအသင့်အတင့်ကို စားသုံးပေးခြင်းဖြင့် အကျိုးရှိစေပါတယ်။

အသီးနဲ့ အစေ့မှာ ဆီးချိုရောဂါဆန့်ကျင်ဂုဏ်သတ္တိ ရှိတာကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားခြင်းအတွက် အသီးအသင့်အတင့်ကို ဓာတ်စာအဖြစ် စားသောက်ပေးခြင်းဖြင့် အကျိုးရှိစေပါတယ်။

အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်ခြင်းတွေအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တခွက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တပတ် ၁ ကြိမ်ခန့် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

သန်ကောင်၊ တုတ်ကောင်နဲ့ အူလမ်းကြောင်းကပ်ပါးပိုး ရောဂါများမှာ သနပ်သီးအစေ့ကို ထုထောင်းပြီး ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းများမှာ အခေါက် သို့မဟုတ် အမြစ်ကို ရေမှာ တညစိမ်ပြီး အရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တခွက် တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ သွားကိုက်ဝေဒနာအတွက် အခေါက်ပြုတ်ရည်ကျကျကို ပလုတ်ကျင်းဆေး၊ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသီးများကို စားသုံးခြင်းဖြင့် အစာချေဖျက်နိုင်မှုနဲ့ အစာကြေခြင်းတို့ကို အားကောင်းစေပါတယ်။

နှင်းခူ၊ ယားယံခြင်းနဲ့ အရေပြားရောဂါများ ခံစားရတဲ့နေရာကို အမြစ်ကို သွေးပြီး လိမ်းပေးနိုင်ပါတယ်။ အစေ့မှုန့်ကိုလည်း လိမ်းပေးနိုင်ပါတယ်။

အသီးလတ်လတ်ဆတ်ဆတ် ဖျော်ရည်ကို နွားနို့နဲ့ သောက်ပေးခြင်းက အမျိုးသားများမှာ သုက်ပိုးအရေအတွက်ကို တိုးစေပါတယ်။

အခေါက်ပြုတ်ရည်ကို ပျားရည်နဲ့ ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။

ဆီးရွှင်စေတဲ့ အာနိသင် ရှိတာကြောင့် ဆီးသွားခက်ခဲခြင်း၊ ဆီးနီ၊ ဆီးဝါ၊ ဆီးအောင့်ခြင်း၊ ဆီးအနည်ထိုင်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ သနပ်သီးဖျော်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သနပ်သီး/ရွက်တို့ကို အသင့်အတင့် စားသုံးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သနပ်သီးနဲ့ ဓာတ်မတည့်သူများ၊ သနပ်ပင်ထွက်ပစ္စည်းများ စားသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ သနပ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013