Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် သပေါ့ပင် ဆေးဖက်ဝင်
DVB
·
August 27, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သပေါ့ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

သပေါ့ပင်ကို သိပ္ပံလို Benstonea monticola လို့ခေါ်ပြီး အင်္ဂလိပ်လို scrub breadfruit, urchin-fruited pandan, screwpine, screw palm, mat palm လို့ ခေါ်ပါတယ်။ သပေါ့ပင်ကို မြန်မာအမည်အားဖြင့် တောင်သပေါ့ပင်၊ ကဇန်းပင်၊ ကဇောင်းပင် စသဖြင့် ဒေသအလိုက် အမျိုးမျိုး ခေါ်ကြပါတယ်။

သပေါ့ပင်မှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ ဗီတာမင်အေ၊ ဘီတာကာရိုတင်း စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ tannin, alkaloid, glycoside စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ဝမ်းနုတ်ဆေးအာနိသင်ရှိခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အစာအိမ်နာ/ဒဏ်ရာများ ကျက်စေခြင်း၊ လိင်စွမ်းအား တိုးစေခြင်း၊ အဖျားကို လျှော့ချပေးခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ သပေါ့ပင်ရဲ့ အရွက်၊ အခေါက်၊ အမြစ်၊ အပွင့်၊ အသီးတို့ကို သုံးစွဲကြပါတယ်။

အစာအိမ်နာခြင်းအတွက် သပေါ့ရွက်ပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ချောင်းဆိုးခြင်းအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးနဲ့ပတ်သက်တဲ့ ပြဿနာများအတွက် အခေါက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းအဖြစ် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရေပြားပြဿနာများမှာ အခေါက်ပြုတ်ရည်ကို ရေနဲ့ရောစပ်ပြီး ရေချိုးရာမှာ အသုံးပြုနိုင်ပါတယ်။

အရေပြားယားယံခြင်းများမှာ ပင်စည်ကို သွေးပြီး လိမ်းပေးနိုင်ပါတယ်။

သပေါ့ပင်အမြစ်ကို ဒဏ်ရာများမှာ လိမ်းပေးခြင်းဖြင့် အနာကျက်လွယ်စေပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်းများအတွက် အမြစ်နဲ့ အပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၁-၂ ကြိမ် သောက်ပေးပြီး အစေ့ဆီကို လိမ်းပေးနိုင်ပါတယ်။

သပေါ့ပင်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင် ရှိတာကြောင့် သပေါ့ရွက်သတ္တုရည်ကို အုန်းဆီနဲ့ရောစပ်ပြီး အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သပေါ့ပင်ဟာ သံဓာတ်၊ ဗီတာမင်အေ၊ ဘီတာကာရိုတင်း ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး မျက်စိကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့အပြင် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း အခြေအနေများကို ကာကွယ်ပေးပြီး သွေးအားကောင်းစေခြင်းနဲ့ အောက်ဆီဂျင်လည်ပတ်မှုကို ကူညီပေးပါတယ်။

အသီးစိမ်းက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်ပါဝင်လို့ အစာအိမ်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ အသီးကို ပြုတ်ပြီးဖြစ်စေ၊ အစိမ်းကို ထောင်းပြီးဖြစ်စေ စားသုံးနိုင်ပါတယ်။

သပေါ့ပင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အာနိသင် ရှိတာကြောင့် အရွက်ရေနွေးကြမ်းကို သောက်သုံးပေးခြင်းဖြင့် ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အကျိုးပြုပါတယ်။

သပေါ့ရွက်ကို ဝါးစားတာက သွားဖုံးသွေးထွက်ခြင်းကို ရပ်တန့်စေပြီး ခံတွင်းကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် မွှေးရနံ့ကြောင့် အသက်ရှူကို လန်းဆန်းစေနိုင်ပါတယ်။ သွားဖုံး အားကောင်းစေရန် အမြစ်များကို ဝါးပေးနိုင်ပါတယ်။

သပေ့ါရွက်သတ္တုရည်ကို အုန်းဆီနဲ့ ရောစပ်ပြီး ဦးရေပြားကို လိမ်းပေးခြင်းဖြင့် ဦးရေပြား ကျန်းမာရေးကို အားကောင်းစေပြီး ဆံကေသာကို သန်စွမ်းစေပါတယ်။

သပေ့ါပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲတာက ဝမ်းပျော့ဆေးအာနိသင် ရှိတာကြောင့် ဝမ်းပျက်ခြင်း/ဝမ်းလျှောခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ သပေ့ါပင် စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ သပေ့ါပင်နဲ့ ဓာတ်မတည့်သူများ သပေါ့ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ သပေါ့ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013