Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စံပယ်ပင် ဆေးဖက်ဝင်
DVB
·
November 26, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စံပယ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ စံပယ်ပင်ကို သိပ္ပံလို Jasminum sambac လို့ခေါ်ပြီး အင်္ဂလိပ်လို Jasminum, Arabian Jasmine, Gift from God, Queen of the night လို့ခေါ်ကြပါတယ်။

စံပယ်ပင်မှာ ascorbic acid, anthranilic acid, glucoside, indole oxygenase, alkaloid jasminine and salicylic acid, pyridine,nicotinate derivatives, benzyl acetate, benzyl benzoate, phytol, methyl jasmonate, linalool, geranyl linalool, isophytol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုး သတ်ဆေး/မှိုသတ်ဆေးအာနိသင်ရှိခြင်း၊ အဖျားကို လျှော့ချပေးခြင်း၊ ကြွက်သားကို ပြေလျော့စေခြင်း၊၊ လိင်စွမ်းဆောင်ရည်ကို တိုးတက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ချွဲပျော်စေခြင်း၊ အာရုံကြောအားတိုးစေခြင်း၊ အိပ်ပျော်စေခြင်း၊ ဆီးရွှင်စေခြင်း၊ ဒဏ်ရာကို ကုသပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ စံပယ်ပင်ပင်ရဲ့ အရွက်၊ အပွင့်၊ အမြစ် တို့ကို သုံးစွဲကြပါတယ်။

စံပယ်ပန်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အစာအိမ်အင်ဇိုင်းတွေနဲ့ ဓာတ်ပြုပြီး အစာအိမ်အတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ ကြီးထွားမှုကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်းရှိ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် အစာချေဖျက်မှုကို အားကောင်းစေကာ ဗိုက်နာခြင်း၊ လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ အစာမကြေခြင်းနဲ့ အူသိမ်အူမရောဂါတွေကို သက်သာစေပါတယ်။

စံပယ်ပင်မှာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ သွေးကျဲဆေးအာနိသင်နဲ့ သွေးခဲများပြိုကွဲခြင်းကို တားဆီးပေးတဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင့် မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်း၊ နှလုံးဖောက်ပြန်ခြင်း၊ သွေးကြောမာတောင့်ခြင်း၊ သွေးကြောများမှာ သွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးကာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

စံပယ်ရွက်မှာ ပါဝင်တဲ့ epigallocatechin နဲ့ gallic acid ဓာတ်ပေါင်းတွေဟာ ဇီဝဖြစ်ပျက်မှုကို အရှိန်မြှင့်ပေးခြင်းဖြင့် ကိုယ်အလေးချိန်တက်ခြင်းကို တားဆီးပေးတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ပိုလျှံနေတဲ့ အဆီများကို လျင်မြန်စွာ လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချသူတွေအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူး ဖြစ်စေပါတယ်။

စံပယ်ပန်းမှာ ပါရှိတဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း  နဲ့ polyphenol ဓာတ်ပေါင်းတွေဟာ serotonin နဲ့ dopamine ထွက်ရှိမှုကို မြှင့်တင်ပေးကာ ဦးနှောက်လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်မှု၊ အာရုံစူးစိုက်မှု၊ စိတ်တည်ငြိမ်မှု၊ နိုးကြားမှုကိုလည်း မြှင့်တင်ပေးပါတဲ့အပြင် စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါကဲ့သို့တဲ့ စိတ်ရောဂါများကို လျှော့ချပေးပါတယ်။

စံပယ်ပန်းမှာ bioactive catechin ဓာတ်ပေါင်းပါဝင်လို့ ပန်ကရိယ ဘီတာဆဲလ်များမှ အင်ဆူလင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတာကြောင့် စံပယ်ပန်းကို လက်ဖက်ခြောက်အဖြစ် ဖြစ်စေ၊ ဟင်းလျာများမှာ ထည့်သွင်းပြီး ဖြစ်စေ ပုံမှန်စားသောက်သုံးခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းသိမ်ပေးပါတယ်။

စံပယ်ပန်းမှာ စိတ်ငြိမ်စေတဲ့ အာနိသင်ရှိတာကြောင့် စံပယ်ပန်း ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် စိတ်အပန်းပြေစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

စံပယ်ပန်းရဲ့ မွှေးပျံ့တဲ့ရနံ့ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးတဲ့ အာနိသင်ကြောင့် စံပယ်ဆီ သို့မဟုတ် စံပယ်ပန်းရေနွေးငွေ့ကို ရှူရှိုက်ခြင်းဖြင့် စိတ်ကြည်လင်ပြီး ဖိစီးမှုကို ပြေလျော့စေကာ စိတ်ပိုင်းဆိုင်ရာ အပြုအမူများကို တိုးတက်စေပါတယ်။

စံပယ်ပင်အမြစ်သွေးရည်ကို မျက်နှာမှာ လိမ်းပေးခြင်းဖြင့် မျက်နှာအသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

အရွက်နု လတ်လတ်ဆတ်ဆတ်ကို ဝါး‌ပေးခြင်းဖြင့် သွားပိုးစားခြင်း၊ ခံတွင်းအနာနဲ့ သွားဖုံးအားနည်းခြင်းတို့ကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ အရွက်ပြုတ်ရည်ကို ရေစီးကမ်းပြိုနဲ့ ခံတွင်းအနာများမှာ ငုံဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

အမြစ်ကို နဖူးပေါ်မှာ လိမ်းပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

မူးဝေခြင်း နဲ့ ခေါင်းကိုက်ခြင်းများမှာ အမြစ်/အပွင့်တို့နဲ့ ပြုလုပ်ထားတဲ့ဆီကို ဦးရေပြားမှာ လိမ်းပေးနိုင်ပါတယ်။

စံပယ်ပင်အရွက်ဖြင့် ပြုလုပ်ထားတဲ့ဆီကို နားတွင်း အစက်ချဆေးအဖြစ် အသုံးပြုခြင်းဖြင့် နားကိုက်ခြင်းနဲ့ နားအတွင်းမှ ပြည်တည်ခြင်းများကို သက်သာစေပါတယ်။

အရွက်၊ အမြစ်နဲ့ အပွင့်တို့ကို ဝက်ခြံနဲ့ ယားယံခြင်း စတဲ့ အရေပြားပြဿနာများမှာ လိမ်းပေးနိုင်ပါတယ်။

စံပယ်ရွက်ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ဆီကို မကျက်တဲ့ဒဏ်ရာအနာများမှာ လိမ်းပေးခြင်းဖြင့် အနာကျက်စေပါတယ်။

မျက်မြှေးရောင်ခြင်းနဲ့ အခြားမျက်စိရောဂါများအတွက် ပန်းပွင့်လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို မျက်စဉ်းခတ်ပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းရောင်ရမ်းခြင်းနဲ့ ရာသီသွေးချုပ်ခြင်းများမှာ အမြစ်သွေးရည်ကို ဆီးအိမ်နေရာ/ချက်အောက်ပိုင်းမှာ လိမ်းပေးခြင်းဖြင့် သက်သာရာရစေပါတယ်။

လိင်အင်္ဂါအားနည်းခြင်းများမှာ အမြစ်သွေးရည်ကို လိင်တံပေါ် လိမ်းပေးနိုင်ပါတယ်။

အဖျားရောဂါများမှာ စံပယ်ပွင့်ကို ရေမှာ တညစိမ်ပြီး တခါသောက် ရေ‌နွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

စံပယ်ပန်းမှာ  catechin နဲ့ flavonoid  စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များပါဝင်ပြီး ဆဲလ်များကို ဓာတ်တိုးဖိစီးမှုနဲ့ ဖရီးရယ်ဒီကယ်များကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးတာကြောင့် အလုံးစုံကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

စံပယ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ ကဖင်းဓာတ် ပါဝင်မှု များတာကြောင့် အလွန်အကျွံ သုံးစွဲခြင်းကြောင့် စိတ်ထိခိုက်လွယ်သူများမှာ အိပ်ပျော်ရန် ခက်ခဲနိုင်ပြီး catechin များတာကြောင့် သံဓာတ်စုပ်ယူမှုကို ထိခိုက်စေနိုင်တဲ့အတွက် လွန်ကဲစွာ သုံးစွဲခြင်း မပြုသင့်ပါ။ စံပယ်ပန်းနဲ့ ဓာတ်မတည့်သူများ စံပယ်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ စံပယ်ပင်ထွက်ပစ္စည်းများကို မသောက်သုံးသင့်ပါ။

နွေဦးပြည်သူများ စံပယ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013