Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကောက်ရိုးနွယ်ပင် ဆေးဖက်ဝင်
DVB
·
January 7, 2026

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကောက်ရိုးနွယ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကောက်ရိုးနွယ်ပင်ကို သိပ္ပံလို Convolvulus pluricaulis လို့ခေါ်ပြီး အင်္ဂလိပ်လို bindweed ,Morning-glory, speed wheel,Aloe weedလို့ ခေါ်ကြပါတယ်။

ကောက်ရိုးနွယ်ပင်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းစတဲ့ အာဟာရဓာတ်တွေနဲ့ alkaloid, shankhapushpine, convolvuline, convolidine, convolvine, convolamine, convoline, confoline, convozine, volatile oil, fatty acids, fatty alcohol, hydrocarbon, palmitic acid, linoleic acid, myristic acid, flavonoid, steroids-phytosterols, D-glucose, maltose, sucrose, starch, rhamnose, amino acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ သွေးသန့်စင်ခြင်း၊ သဘာဝအဆိပ်ပြေစေဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အသားအရေ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ ခွန်အားကိုတိုးတက်စေခြင်း၊ မှတ်ဉာဏ်ကိုတိုးတက်စေခြင်း၊ အိုမင်းရင့်ရော်မှုကို လျော့ပါးစေ ခြင်း၊ အစာခြေစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အိပ်ပျော်စေခြင်း၊ ဆံပင်အရည်အသွေးကို မြှင့်တင်ပေးခြင်း၊ လိင်စွမ်းအားကို မြှင့်တင်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကောက်ရိုးနွယ်ပင်ရဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။

ကောက်ရိုးနွယ်ပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ flavonoid တွေ ပါဝင်တာကြောင့် မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်မှု၊ စိတ်တည်ငြိမ်မှု၊ နိုးကြားမှုကို တိုးတက်စေတဲ့ ဦးနှောက်အားဆေးနဲ့ လှုံ့ဆော်ပေးသူ ဖြစ်သောကြောင့် ဦးနှောက် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အာရုံစူးစိုက်မှု ဆုံးရှုံးခြင်းကို လျှော့ချပေးတဲ့ အစွမ်းရှိတာကြောင့် ကောက်ရိုးနွယ်ပင်အမှုန့် ကော်ဖီ တဇွန်းကို ရေတဖန်ခွက်နဲ့ နေ့စဉ် ပုံမှန်သောက်ပေးခြင်းဖြင့် ဦးနှောက်ဖိစီးမှုကို လျှော့ချပေးကာ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ကောက်ရိုးနွယ်ပင်ဟာ Dopamine ကို မြှင့်တင်ပေးပြီး serotonin အဆင့်ကို ထိန်းညှိပေးကာ ကိုယ်စိတ်နှစ်ပါးကိုပြေလျော့စေပြီး စိတ်မငြိမ်မသက်ခြင်းကြောင့် ခြေဖျား လက်ဖျား အေးခြင်းတို့ကို သက်သာစေပါတယ်။ ကောက်ရိုးနွယ်ဟာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဆော အဆင့်ကို လျှော့ချပေးတာကြောင့်  ကောက်ရိုးနွယ်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ညအိပ်ချိန်  သောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အိပ်စက်ခြင်းအရည်အသွေးကို မြှင့်တင်ပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ကောက်ရိုးနွယ်ပင်မှာ ပါဝင်တဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းကိုလက်စထရော ပမာဏကို လျှော့ချပေးပြီး သွေးကြောများအတွင်း အဆီများ စုပုံလာခြင်း၊ သွေးလွှတ်ကြောများ တင်းမာခြင်းတို့ကို ကာကွယ်ပေးကာ နှလုံးကြွက်သားများကို အားကောင်းစေပြီး နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးပိတ်ဆို့ခြင်း၊ သွေးခဲခြင်း စတဲ့ အန္တရာယ်များကို လျှော့ချပေးတာကြောင့် ကောက်ရိုးနွယ်ပင် အသင့်အတင့်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း တို့ကို ကာကွယ်ပေးပါတယ်။

ကောက်ရိုးနွယ်ပင်ဟာ အစာခြေရည်များ ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးတာကြောင့် အာဟာရစုပ်ယူမှုကို တိုးမြှင့်ပေးပြီး အစာချေဖျက်မှုကို အားကောင်းစေတဲ့အပြင် အရည်ထိန်းထားမှုကိုလည်း ကာကွယ်ပေးပြီး ဝမ်းဗိုက်နာခြင်း၊ ဝမ်းဗိုက်တင်းခြင်း၊ အူလမ်းကြောင်း ရောင်ရမ်းခြင်းနဲ့  အူသိမ်အူမ ပြဿနာများကို ပျောက်ကင်းစေပါတယ်။ ကောက်ရိုးနွယ်ပင်မှာ ပါဝင်တဲ့ glycoprotein ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအနာများကို ကျက်စေတဲ့ အာနိသင်ရှိတာကြောင့် အစာအိမ်အနာအမျိုးမျိုးမှာ ကောက်ရိုးနွယ်ပင် ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကောက်ရိုးနွယ်ပင်ဟာ  သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်းတွေကို ဖယ်ရှားပေးကာ နှင်းခူ၊ ဝက်ခြံ၊ နေလောင်ခြင်းနဲ့ ဓာတ်မတည့်မှု အခြေအနေကြောင့် ဖြစ်ပေါ်တတ်တဲ့ ယားယံမှုကို သက်သာစေတဲ့အပြင် အရေပြားအားဆေးအဖြစ် လုပ်ဆောင်ပေးကာ အရေးအကြောင်းများ၊ အမဲစက်များကို လျော့ပါးသက်သာစေပြိး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

ကောက်ရိုးနွယ်မှုန့်၊ ပျားရည်နဲ့ နှင်းဆီရေ ကော်ဖီဇွန်း တဇွန်းစီကို ရောစပ်ပြီး မျက်နှာမှာ ပုံမှန်လိမ်းပေးခြင်းဖြင့် အစက်အပြောက်များကို လျော့ပါးစေပြီး နုပျိုတောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ ကောက်ရိုးနွယ်မှုန့်ကို ဆီနဲ့ နဖူးကို နှိပ်နယ်ခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

ကောက်ရိုးနွယ်မှာ ပါဝင်တဲ့ ဇီဝဗေဒဆိုင်ရာဓာတ်ပေါင်းများက သန်ကောင် ဝင်ရောက်ခြင်းကို ကာကွယ်ပေးတာကြောင့် ကောက်ရိုးနွယ်မှုန့် ကော်ဖီ တဇွန်းကို ပျားရည် ကော်ဖီတဇွန်း တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် သန်ကောင်/တုတ်ကောင် ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ကောက်ရိုးနွယ်ဟာ အနာကျက်စေတဲ့ အာနိသင်ရှိတာကြောင့် ဒဏ်ရာများနဲ့ ပြတ်ရှနာများမှာ သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။

ကောက်ရိုးနွယ်ပင်ဟာ အာရုံကြောတွေ ပျက်စီးတာကို တားဆီးကာ မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်မှုကို တိုးတက်စေတာကြောင့်  ဝက်ရူးပြန်ရောဂါ၊ စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမားရောဂါများမှာ ကောက်ရိုးနွယ်မှုန့် ကော်ဖီတဇွန်းကို နွားနို့ တခွက်နဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာမှု ရစေပါတယ်။

ကိုယ်ပူ ဖျားနာခြင်းများမှာ ကောက်ရိုးနွယ်ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် အဖျားကျစေပါတယ်။

ကောက်ရိုးနွယ်ပင်ကို စားသုံးခြင်းက အမျိုးသမီးများမှာ သားအိမ်ကို အားကောင်းစေပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်ပေးပါတယ်။

ကောက်ရိုးနွယ်ပင်မှုန့် ကော်ဖီ တဇွန်းကို နွားနို့ တခွက်နဲ့ သောက်ပေးခြင်းက အမျိုးသားများမှာ လိင်စွမ်းအားကို တိုးတက်စေကာ ပန်းသေပန်းညှိုးရောဂါကို သက်သာစေပါတယ်။

အပျော့စား ဆီးရွှင်ဆေးအာနိသင် ရှိတာကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ ကောက်ရိုးနွယ်ပင် ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာမှုရှိစေပါတယ်။

ချောင်းဆိုး သွေးပါခြင်းမှာ ကောက်ရိုးနွယ်ပင် အမှုန့် ကော်ဖီ တဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။  ပန်းနာရင်ကျပ်နဲ့ လည်ချောင်းနာရောဂါများမှာ အရွက်မှုန့်ကို ကော်ဖီ တဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကောက်ရိုးနွယ်ပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းကြောင့် သွေးပေါင်ချိန်ကို ကျစေနိုင်တာကြောင့် သွေးတိုးကျဆေး သောက်သုံးနေသူများ သတိထား သုံးစွဲသင့်ပါတယ်။

နွေဦးပြည်သူများ ကောက်ရိုးနွယ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013