
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် အလိုကျူပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
အလိုကျူပင်ကို သိပ္ပံလို Arundo donax လို့ခေါ်ပြီး အင်္ဂလိပ်လို giant cane, elephant grass, carrizo, arundo, Spanish cane, Colorado river reed, wild cane လို့ခေါ်ကြပါတယ်။
အလိုကျူပင်မှာ bufotenidine, dehydro-bufontenine, sterols, triterpenoid, Flavonoid, apigenin, luteolin, Saponin, glycoside, Silica deposit, Alkaloid, Polysaccharide စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကျိအချွဲ အမြှေးပါးများ ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ သွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်း၊ တွယ်ဆက်တစ်ရှူးများကို သန်မာစေခြင်း၊ နို့ထွက်မှု တိုးစေခြင်း၊ အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ အလိုကျူပင်ရဲ့ အမြစ်၊ အရွက်၊ ပင်စည်တို့ကို သုံးစွဲကြပါတယ်။
အလိုကျူပင်ဟာ အီလက်ထရွန်များ ပြင်းထန်စွာ ဆုံးရှုံးခြင်း မရှိစေဘဲ ကျောက်ကပ်ရှင်းလင်းရေးကို မြှင့်တင်ပေးကာ ဖောရောင်ခြင်းကို လျှော့ချပေးတာကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ အဖောရောဂါတို့မှာ အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အလိုကျူအမြစ်ကို ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် နို့တိုက်မိခင်များ နို့ထွက်နှုန်း တိုးစေပါတယ်။
ခန္ဓာကိုယ်အပူလွန်ကဲခြင်းနဲ့ အမျိုးသားများ သုတ်ပိုးအရေအတွက် နည်းခြင်းများမှာ အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးနိုင်ပါတယ်။
အမြစ်သွေးရည်ကို တမာရွက်သတ္တုရည်နဲ့ ရောစပ်ပြီး ထိခိုက်ရှနာများနဲ့ အရေပြားရောဂါများမှာ လိမ်းပေးနိုင်ပါတယ်။
ရေယုန်ပေါက်ခြင်းအတွက် အမြစ်သွေးရည်ကို အုန်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။
ဆီးအနည်ထိုင်ခြင်းအတွက် ပင်စည်အမှုန့် ကော်ဖီ ၁ ဇွန်းကို ရေများများနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အပင်ပြုတ်ရည် ရေနွေးကြမ်း ၁ ခွက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရွက်လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး အဆစ်များမှာ အဝတ်နဲ့ ပတ်ထားပေးပြီး ၁ နာရီခန့် ထားပေးပါ။
ချောင်းခြောက်ဆိုးခြင်းနဲ့ လည်ချောင်းယားယံခြင်းတို့မှာ အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ထန်းလျက် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အစာအိမ်ရောင်ခြင်း/အစာအိမ်နာအတွက် ပင်စည်အမှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အမျိုးသမီးများ မီးယပ်ဖြူဆင်းခြင်းအတွက် အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို သကြား ကော်ဖီ ၁ ဇွန်းထည့်ပြီး နွားနို့ ၁ ခွက်နဲ့ မနက်/ည သောက်သုံးပေးနိုင်ပါတယ်။
မိန်းမကိုယ် နာကျင်မှုအတွက် အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးပြီး အပင်ပြုတ်ရည်နဲ့ မှိုင်းခံပေးခြင်း၊ ဖန်ဆေးပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။
အလိုကျူပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဆီးအလွန်အကျွံသွားခြင်း၊ သွေးပေါင်ကျခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မူးဝေခြင်း၊ လျှပ်စစ်ဓာတ်မညီမျှခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များ၊ သွေးအားနည်းသူများ မသုံးစွဲသင့်ပါ။ အလိုကျူပင်နဲ့ ဓာတ်မတည့်သူများ အလိုကျူပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူများ အလိုကျူပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။


