Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ပဒတ်စာပင် ဆေးဖက်ဝင်
DVB
·
February 4, 2026

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပဒတ်စာပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

ပဒတ်စာပင်ကို သိပ္ပံလို Kaempferia candida လို့ခေါ်ပြီး အင်္ဂလိပ်လို White-flowered resurrection lily, Aromatic Ginger, Sand Ginger, or Kencur, လို့ ခေါ်ကြပါတယ်။

ပဒတ်စာပင်မှာ alkaloids, glycosides, phenolic compounds, polyphenols, tannin,ethyl cinnamate, ethyl-p-methoxycinnamate, γ- cadinene, 1, 8-cineole, δcarene, borneol, ethyl-m-methoxycinnamate, camphene, linoleoyl chloride and α-pinene စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေးအာနိသင်ရှိခြင်း၊ ဘက်တီးရီးယား/ဗိုင်းရပ်စ်ဆန့်ကျင်ခြင်း၊ မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတိုးရောဂါ/ဆီးချိုရောဂါ ကာကွယ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာကို ကာကွယ်ပေးခြင်း၊ ခုခံအားစနစ်ကောင်းမွန်စေခြင်း၊ အာရုံကြောကို အားကောင်းစေခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အသားအရေ ဖြူဝင်းစေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ပန်းနာရင်ကြပ်နဲ့ ဗောက်များကို သက်သာစေခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါတို့အတွက် အမှုန့် ကော်ဖီ ၁ ဇွန်းကို ကွမ်းရွက် သတ္တုရည် ကော်ဖီ ၁ ဇွန်း၊ ပျားရည် ကော်ဖီ ၂ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။  

သွားကိုက်ခြင်းအတွက် အမြစ်ကိုဝါးပြီး ကိုက်ထားပေးခြင်းဖြင့် သက်သာစေပါတယ်။  ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် ဥအမြစ်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့်  နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ 

ဥမှုန့်ကို အုန်းဆီနဲ့စပ်ပြီး ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဗောက်ထခြင်းကို သက်သာစေပြီး ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

အစာချေဖျက်မှုအားနည်းခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ လေထိုး၊ လေပွခြင်းများမှာ ဥအမှုန့်ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။  

မျက်စိနာအတွက် အရွက် သတ္တုရည်ကို မျက်လုံးမှာကွင်းပြီး လိမ်းပေးနိုင်ပါတယ်။

သွက်ချာပါဒ/လေငန်းရောဂါများမှာ အရွက်သတ္တုရည်ကို လိမ်းဆေးအဖြစ် နှမ်းဆီနွေးနွေးနဲ့ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။

ဆီးသွားအားနည်းခြင်းများမှာ အရွက် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သံပုရာရည် ကော်ဖီ ၂ ဇွန်းထည့်ကာ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။  

ပဒတ်စာပွင့်ကို ဟင်းချိုချက် သောက်ပေးခြင်းဖြင့် အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်ခြင်းများကို သက်သာစေပါတယ်။

ဥအမှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ညအိပ်ရာဝင်ချိန် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အာရုံကြောကို အားတိုးစေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေကာ တက်ကြွ လန်းဆန်းစေပါတယ်။

သွေးစီးဆင်းမှုနဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတာကြောင့် ပဒတ်စာပွင့် အသင့်အတင့်ကို ပုံမှန် စားသောက်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေကြောရောဂါနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။

ပဒတ်စာပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ပဒတ်စာပင်ကို မသုံးစွဲသင့်ပါ။ ပဒတ်စာပွင့်နဲ့ ဓာတ်မတည့်သူများ ပဒတ်စာပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ပဒတ်စာပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013