Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် သစ်ကြံပိုးပင် ဆေးဖက်ဝင်
DVB
·
March 4, 2026

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သစ်ကြံပိုးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

သစ်ကြံပိုးပင်ကိုသိပ္ပံလို Cinnamomum zeylanica Blume လို့ခေါ်ပြီး အင်္ဂလိပ်လို  Cinnamon လို့ခေါ်ကြပါတယ်။

သစ်ကြံပိုးပင်မှာ Cinnamaldehyde, Eugenol, Benzaldehyde, Methyl amyl ketone, Phellandrene, Pinene, Cymene, Linalool, Cumic, Aldehyde, Caryophyllene, safrole, Methyl eugenol, Borneol, Cinnamyl alcohol, Cinnzeylanin, Cinnzeylanol, epicatechin, Cinnacassiol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

သစ်ကြံပိုးပင်မှာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ သွေးတွင်းအဆီဓာတ်နဲ့ triglyceride များကို လျှော့ချပေးခြင်း၊ အစာခြေစနစ်ကို အထောက်အကူပြုခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ  သစ်ကြံပိုးပင်ရဲ့ ပင်စည်အခေါက်၊ အရွက်၊ သစ်ကြံပိုးခေါက်ဆီ တို့ကို သုံးစွဲကြပါတယ်။

သစ်ကြံပိုးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁ ကြိမ် စားပေးခြင်းဖြင့် ယားယံခြင်း၊ အစာမကြေခြင်း တို့ကို သက်သာစေပါတယ်။

ဖာလာရွက်၊ လေးညှင်းပွင့်နဲ့ သစ်ကြံပိုးရွက် တို့ကို ဆတူရောစပ်ပြီး ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းက အစာစားချင်စိတ်ကို ကောင်းမွန်စေကာ ဝမ်းလျှောခြင်းကို သက်သာစေပြီး သန်ကောင်/တုတ်ကောင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

သစ်ကြံပိုးခေါက်ဟာ အနာကျက်စေတဲ့ အာနိသင် ရှိတာကြောင့် ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို အနာပေါ် လိမ်းပေးခြင်းဖြင့် ဒဏ်ရာ/အနာများကို သက်သာပျောက်ကင်းစေပါတယ်။

အရေပြားဓာတ်မတည့်မှုကြောင့် ယားယံခြင်းများမှာ သစ်ကြံပိုးခေါက်ကို ပျားရည်နဲ့ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

သစ်ကြံပိုးခေါက်ဟာ သွေးတွင်း creatinine ပမာဏကို လျှော့ချပေးနိုင်တဲ့ သဘာဝ ဆေးဖက်ဝင် အာနိသင် ရှိတာကြောင့် သစ်ကြံပိုးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် သွေးတွင်း creatinine မြင့်တက်ခြင်းကို လျော့ပါးစေပြီး ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် သစ်ကြံပိုးခေါက်နဲ့ ပျားရည်၊ သစ်ကြံပိုးခေါက် ကော်ဖီ ၁ ဇွန်းနဲ့ ပျားရည် ကော်ဖီ ၁ ဇွန်းကို မနက်စောစော ဗိုက်ထဲအစာမရှိချိန် ရေနွေးနွေးလေးနဲ့ သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ ခံတွင်းအနံ့ဆိုးထွက်ခြင်းများမှာ သစ်ကြံပိုးခေါက်ဆီကို ရေနွေးနဲ့ ရောစပ်ပြီး ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်တွေ သစ်ကြံပိုးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး ကျန်းမာရေးကို တိုးတက်စေပါတယ်။

သစ်ကြံပိုးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ဆီးသီးမှုန့်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁ ကြိမ် ပုံမှန် သောက်သုံးပေးခြင်းဖြင့် အမျိုးသမီးများမှာ ပြင်းထန်တဲ့ သွေးဆုံးခြင်းလက္ခဏာတွေကို လျော့နည်း သက်သာစေပါတယ်။

အင်းဆက်ပိုးမွှားကိုက်ခြင်းအတွက် သစ်ကြံပိုးခေါက်ဆီကို  လိမ်းပေးခြင်းဖြင့် အဆိပ်အတောက်ကို လျှော့ချပေးပြီး နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ 

အချိန်မတိုင်မီ သုက်လွှတ်ခြင်းနဲ့ ပန်းသေ ပန်းညှိုးခြင်းတွေအတွက် သစ်ကြံပိုးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်း၊ နွားနို့ ၁ ခွက်နဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။

သစ်ကြံပိုးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းနဲ့ ပျားရည် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ နေ့စဉ် ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေပါတယ်။

သစ်ကြံပိုးခေါက်ဆီ ၂-၅ စက်ကို နှမ်းဆီနဲ့ ရောစပ်ပြီး တနေ့ ၁-၂ ကြိမ် လိမ်းပေးခြင်းဖြင့် အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သစ်သီးဖျော်ရည်များမှာ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ထည့်ပြီး သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးကို ညီညွတ်မျှတစေပါတယ်။

သစ်ကြံပိုးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များနဲ့ ဟော်မုန်းဆေးသောက်သုံးနေသူတွေ သစ်ကြံပိုးပင် ဆေးဝါးတွေကို မသုံးစွဲသင့်ပါ။ သစ်ကြံပိုးခေါက်နဲ့ ဓာတ်မတည့်သူတွေမှာ နှာရည်ယိုခြင်း၊ အရေပြား နီမြန်းခြင်း၊ မျက်လုံးနီခြင်း၊ နှုတ်ခမ်းနဲ့ လျှာများ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်သူတွေ သစ်ကြံပိုးပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ  သစ်ကြံပိုးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013