Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဆီမီးတောက်ပင် ဆေးဖက်ဝင်
DVB
·
February 25, 2026

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆီမီးတောက်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဆီမီးတောက်ပင်ကို သိပ္ပံလို Gloriosa superba လို့ခေါ်ပြီး အင်္ဂလိပ်လို  Climbing lily, tiger claw လို့ခေါ်ကြပါတယ်။

ဆီမီးတောက်ပင်မှာ Colchicine, Gloriosine, Superbine, flavonoid, tannin, alkaloid, နဲ့ glycoside စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ သန်ကောင်နဲ့ ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အစာကြေစေခြင်း၊ အဖျားကျစေခြင်း၊ သွေးသန့်စင်ခြင်း၊ မီးယပ်မှန်စေခြင်း၊ ကင်ဆာ ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း၊ အဆိပ်ဖြေအာနိသင်ရှိခြင်း၊ ဓာတုအဆိပ်အတောက်ကိုကာ ကွယ်ပေးခြင်း၊ ကိုယ်ဝန်ကို ဆန့်ကျင်ခြင်း စတဲ့ အစွမ်း အာနိသင် ရှိပါတယ်။ 

ဆေးဘက်ဆိုင်ရာမှာ  ဆီမီးတောက်ပင်ရဲ့  ဥ၊ အမြစ်၊ အရွက်တို့ကို သုံးစွဲကြပါတယ်။ 

ဆီမီးတောက်ဥကို နွားနို့နဲ့ ၃ နာရီခန့်ကြာအောင် ပြုတ်ပြီးနောက် နေလှန်းကာ အမှုန့်ပြုလုပ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ဂေါက်ရောဂါနဲ့ အဆစ်ရောင်ရောဂါတွေမှာ ဆီမီးတောက်ဥအမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဥသွေးရည်ကို ရောင်ရမ်းနေတဲ့ အဆစ်တွေမှာ လိမ်းပေးနိုင်ပါတယ်။

ကင်းမြီးကောက် ကိုက်ခြင်း၊ ပျားတုပ်ခြင်း၊ ကင်းခြေတွေ ကိုက်ခြင်းတို့မှာ ဆီမီးတောက်ဥကို ထုထောင်းပြီး အုံပေးခြင်းဖြင့် သက်သာစေပါတယ်။

ဆီမီးတောက်ဥကို သွေးပြီး အရေပြားရောဂါ၊ အပြင်လိပ်ခေါင်း၊ ဒဏ်ရာနဲ့ အဆစ်တွေ ရောင်ရမ်းခြင်းများမှာ လိမ်းပေးနိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ် အရွက်သတ္တုရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ခေါင်းမှ သန်းတွေကို သေစေပါတယ်။

ဥအမှုန့် ကော်ဖီဇွန်းဝက်ကို  နွားနို့  ၁ ဖန်ခွက်နဲ့ ညအိပ်ရာဝင် သောက်ပေးခြင်းဖြင့် ခွန်အားကို တိုးစေပါတယ်။

သန်ကောင်/တုတ်ကောင် ရောဂါတွေမှာ ဥအမှုန့် ကော်ဖီဇွန်းဝက်ကို  ရေနွေးဖြင့် တနေ့ ၁ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

မီးယပ်ချုပ်ခြင်း၊ မီးယပ်သွေးကျန်ခြင်း၊ ရာသီမမှန်ခြင်းတွေမှာ ဆီမီးတောက်ဥအမှုန့် တခါသောက် ကော်ဖီဇွန်းဝက်ကို  ရေနွေးနဲ့ တနေ့ ၁ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

ဖျားနာတဲ့အခါ  ဥအမှုန့် တခါသောက် ကော်ဖီဇွန်းဝက်ကို  ကွမ်းရွက်ပြုတ်ရည်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာစားချင်စိတ် အားနည်းခြင်းအတွက် ဥအမှုန့် တခါသောက် ကော်ဖီဇွန်းဝက်ကို  ရေနွေးနဲ့ အစာမစားမီ နာရီဝက်ခန့် အလိုမှာ သောက်ပေးနိုင်ပါတယ်။

အကြောတက် ကိုက်ခဲတဲ့အခါ ဥအမှုန့် တခါသောက် ကော်ဖီဇွန်းဝက်ကို  ရေနွေးနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

လေငန်းနဲ့ အရိုးအကြောရောဂါတွေမှာ ဆီမီးတောက်ဥမှုန့်ကို နှမ်းဆီနဲ့ ရောစပ်ပြီး လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ဆီမီးတောက်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အော့အန်ခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ပူလောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆီမီးတောက်ပင်နဲ့ ဓာတ်မတည့်သူတွေ ဆီမီးတောက်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။

ဆီမီးတောက်ပင်ဟာ သားအိမ်ကြွက်သားတွေကို နှိုးဆွခြင်းဖြင့် ကိုယ်ဝန်ပျက်ကျစေတဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ ဆီမီးတောက်ပင် ဆေးဝါးတွေကို သုးစွဲခြင်း မပြုသင့်ပါ။ ကျောက်ကပ်၊ အသည်းချို့ယွင်းနေသူတွေ ဆီမီးတောက်ပင်ကို သောက်ဆေးအဖြစ် အသုံးမပြုသင့်ပါ။

နွေဦးပြည်သူတွေ  ဆီမီးတောက်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013