
မြန်မာစစ်အုပ်စုနဲ့ ပုလဲလုပ်ငန်း အကျိုးတူလုပ်ကိုင်နေတဲ့ ကနေဒါနိုင်ငံသား ၄ ယောက်ကို တိုင်ကြားချက် ဖွင့်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေအတိုင်း ကြပ်မတ် အရေးယူပေးဖို့ Justice For Myanmar အဖွဲ့က ကနေဒါအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ စစ်တပ်လက်အောက်ခံ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နဲ့ စီးပွားရေးလုပ်ဆောင်တဲ့ ကနေဒါနိုင်ငံသား ၄ ယောက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) ကို တိုင်ချက်ဖွင့်ထားတာလို့ Justice For Myanmar က မေ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ကနေဒါနိုင်ငံသား ၄ ယောက်ကတော့ Pierre Hajjar၊ Marie Rose Jarmakli Hajjar၊ Sarkis Hajjar နဲ့ Michael Pierre Hajjar တို့ဖြစ်ပါတယ်။
သူတို့ဟာ ပုလဲမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ လေလံတင်ရောင်းချခြင်းနဲ့ ပုလဲကုန်သွယ်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Belpearl နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ မိသားစု ဖြစ်တယ်လို့ သိရပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Hajjar မိသားစုနဲ့ Belpearl ကုမ္ပဏီတို့ဟာ ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုအဖွဲ့အစည်းတခုနဲ့ စီးပွားရေး လုပ်ဆောင်နေတာ ၄ နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် သူတို့ဟာ ကလေးငယ် တွေကို သတ်ဖြတ်နေတဲ့၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့၊ လူမှု အသိုက်အဝန်းတခုလုံးကို ဖျက်ဆီးနေတဲ့ တရားမဝင် စစ်အုပ်စုကို ဝင်ငွေရရှိစေဖို့ ထောက်ပံ့ ကူညီနေခဲ့တာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
Belpearl ကုမ္ပဏီဟာ မြန်မာနိုင်ငံ တနင်္သာရီတောင်ပိုင်းကမ်းလွန်ရှိ ရွှေကျွန်းမှာ ပုလဲမွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်နေပြီး ဒီလုပ်ငန်းဟာ စင်ကာပူအခြေစိုက် Belpearl (S) Pte Ltd. ကုမ္ပဏီရဲ့ လက်အောက်ခံ မြန်မာကုမ္ပဏီ Belpearl Myanmar Co., Ltd. မှတဆင့် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
Belpearl ဟာ သူ့ရဲ့ထုတ်လုပ်မှုမှ အချိုးကျဝေစုတခုကို စစ်တပ်ပိုင် MPE ထံ ပေးအပ်ရသလို စစ်အုပ်စုဟာ ဒီပုလဲကို နေပြည်တော်ရှိ ပုံမှန်လေလံပွဲတွေမှာ ရောင်းချလေ့ရှိကြောင်းနဲ့ စစ်အုပ်စုထံ ပုလဲတွေ ပေးအပ်ခြင်းအားဖြင့် Belpearl ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် ဝင်ငွေတွေ ရရှိစေဖို့ ပံ့ပိုးကူညီ ပေးနေတာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ကနေဒါရဲတပ်ဖွဲ့ထံ တင်ပြထားတဲ့ စာရွက်စာတမ်းတွေအရ Hajjar မိသားစုဟာ Belpearl ရဲ့ မြန်မာနိုင်ငံလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်ပတ်သက်နေကြောင်း ပြသနေပြီး မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့ အရေးယူမှုဥပဒေ ပုဒ်မ ၁၃ ကို ဖောက်ဖျက်ကျူးလွန်ခဲ့တာ သေချာသလောက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကနေဒါအာဏာပိုင်တွေအနေနဲ့ Belpearl နဲ့ သူ့ရဲ့ပိုင်ရှင်တွေ ပါဝင်ပတ်သက်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ ချိုးဖောက်မှုဖြစ်စဥ်အားလုံးကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
ကနေဒါအစိုးရအနေနဲ့ မြန်မာစစ်တပ်လက်အောက်ခံ လူပုဂ္ဂိုလ် ၁၀၅ ယောက်နဲ့ အဖွဲ့အစည်း ၄၈ ခု ကို ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားပါတယ်။
Photo: Justice For Myanmar


