
အီလွန်မတ်စ်ခ်ကို ကနေဒါနိုင်ငံသားအဖြစ်ကနေ ပြန်ရုပ်သိမ်းဖို့ လက်မှတ်ထိုး တောင်းဆိုမှုကို လူထောင်ချီပြီး ပြုလုပ်ခဲ့ပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့နဲ့ ကနေဒါနိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပွားနေချိန် လွန်ခဲ့တဲ့ ၅ ရက်ကတည်းက လက်မှတ်ထိုးပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
အီလွန်မတ်စ်ခ်ဟာ ကနေဒါနိုင်ငံရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်တယ်လို့ စွပ်စွဲကြတာဖြစ်ပါတယ်။
ကနေဒါမှာ နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းဖို့ဆိုရင် လိမ်လည်မှု၊ အချက်အလက် မမှန်မကန် တင်ပြမှု ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးမှာ ကိုယ့်ရဲ့ အချက်အလက်ကို သိလျက် ဖုံးထားမှုတို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အီလွန်မတ်စ်ခ်ဟာ တောင်အာဖရိကနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ကနေဒါနဲ့ အမေရိကန် ၂ နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။
အဲဒီလို လက်မှတ်ထိုး တောင်းဆိုမှု ပြုလုပ်နေတာကို အီလွန်မတ်စ်ခ်က “ကနေဒါဟာ နိုင်ငံအစစ်မဟုတ်ပါဘူး” ဆိုပြီး ဆိုရှယ်မီဒီယာ X မှာ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီပို့စ်ကို ပြန်ပြီး ဖျက်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
လက်မှတ်ထိုး တောင်းဆိုမှုမှာ အီလွန်မတ်စ်ခ်ဟာ သူ့ရဲ့ ချမ်းသာမှုနဲ့ အာဏာကို ကနေဒါရဲ့ ရွေးကောက်ပွဲအပေါ် လွှမ်းမိုးဖို့ အသုံးချခဲ့တယ်လို့ ကြေညာထားပါတယ်။
လက်ရှိ နိုင်ငံခြားအစိုးရအဖွဲ့ဝင်တယောက်လည်း ဖြစ်နေတာကြောင့် ဒီလုပ်ရပ်ဟာ ကနေဒါရဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်ဖို့ ကြိုးစားမှုတခုလို့ ပြောပါတယ်ေ
အီလွန်မတ်စ်ခ်ဟာ ဆတ်ကာချိဝမ်မှာ မွေးဖွားခဲ့တဲ့ အမေဖြစ်သူကြောင့် ကနေဒါနိုင်ငံသား ဖြစ်လာတာပါ။
လက်မှတ်ထိုး တောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့ပြီး ဇွန် ၂၀ ရက်အထိ ဆက်ပြုလုပ်မှာဖြစ်ကာ လက်ရှိ ပါဝင်လက်မှတ်ထိုးသူ ၂၅၀,၀၀၀ ရှိပြီဖြစ်ပါတယ်။
လက်မှတ်ထိုးတောင်းဆိုမှုဟာ သင်္ကေတတခုသာ ဖြစ်ပြီး တရားဝင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ လက်မှတ် ၅၀၀ နဲ့ ပါလီမန်အမတ်တယောက်ရဲ့ ထောက်ခံမှုရရှိပါက အစိုးရရဲ့ တုံ့ပြန်မှု ရှိလာမှာပါ။
နွေရာသီရွေးကောက်ပွဲက လက်ရှိ ပါလီမန်ကို ပျက်ပြယ်စေမှာဖြစ်လို့ ဒီလှုပ်ရှားမှုက အကျိုးသိပ်မရှိဘူးလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
ထရမ့်ပ် တက်လာပြီးနောက် ကနေဒါကို အမေရိကန်ပြည်နယ်တခုအဖြစ် သတ်မှတ်မယ်လို့ ပြောဆိုမှု၊ သံ၊ အလူမီနီယံနဲ့ အခြားသွင်းကုန်တွေကို အခွန်တိုးမြှင့်မယ်လို့ ပြောဆိုခဲ့မှုတွေကြောင့် ဆက်ဆံရေး တင်းမာလာပါတယ်။
ကနေဒါအစိုးရအဖွဲ့ကို ကျော်ပြီး ကနေဒါနိုင်ငံသားတွေကပါ အမေရိကန်ခရီးစဉ် ဖျက်သိမ်းမှု၊ အမေရိကန်ပစ္စည်း သပိတ်မှောက်မှုတွေ ပြုလုပ်လာပါတယ်။
Source : Reuters