Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ် အမိန့်အမျိုးမျိုး ညွှန်ကြားနေသဖြင့် အစိုးရဝန်ထမ်းများ ဗျာများနေ
DVB
·
February 25, 2025
Photo : Reuters

အမေရိကန်အစိုးရဝန်ထမ်းအားလုံး ပြီးခဲ့တဲ့အပတ်အတွင်း အလုပ်ပြီးမြောက်မှုမှတ်တမ်းပို့ဖို့ အီလွန်မတ်စ်ခ်ရဲ့ အမိန့်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ညွှန်ကြားချက်တွေ၊ အလွတ်သဘော ပြောဆိုချက်တွေ အမျိုးမျိုးဖြစ်နေတာကြောင့် ဝန်ထမ်းတွေ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်လို့  BBC သတင်းဌာနက ဖော်ပြပါတယ်။

အလုပ်ပြီးမြောက်မှုမှတ်တမ်းကို ဖေဖော်ဝါရီ ၂၄ ရက် ည နောက်ဆုံးထားမပို့ရင် ရာထူးက နုတ်ထွက်ပြီး ဖြစ်တယ်လို့ မှတ်ယူမှာဖြစ်ကြောင်း မတ်စ်ခ်က သူ့လူမှုကွန်ရက် X မှာ ရေးခဲ့ရာက စခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။

အဲဒီနောက်မှာ “ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုရုံး” (Office of Personnel Management - OPM ) ကနေ “ပြီးခဲ့တဲ့အပတ်က သင်ဘာလုပ်ခဲ့သလဲ” ခေါင်းစဉ်နဲ့ မတ်စ်ခ်ပြောခဲ့တဲ့အတိုင်း စာထွက်လာပါတယ်။

ဒါပေမဲ့ ၄၈ နာရီအကြာမှာတော့ ဒီလိုတင်ပြဖို့ဟာ မိမိသဘောဆန္ဒအလျောက်သာ ဖြစ်တယ်ဆိုပြီး အဲဒီရုံးကပဲ ထပ်အကြောင်းကြားပါတယ်။

OPM က ပြည်ထောင်စုအစိုးရဌာနတွေရဲ့ သက်ဆိုင်ရာ လူသားအရင်းအမြစ်ဌာန (HR) အကြီးအကဲတွေနဲ့ စုဝေးခေါ်ဆိုမှုလုပ်ပြီး အဲဒီလို အကြောင်းကြားတာ ဖြစ်ပါတယ်။

အဲဒီလမ်းညွှန်ချက်အသစ်ကို ပြည်ထောင်စုအစိုးရဌာနတွေကြားမှာ မျှဝေအသိပေးလိုက်ချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ်စ်ခ်တောင်းဆိုတဲ့အတိုင်း မတင်ပြတဲ့သူ ပြုတ်ရင်ပြုတ်၊ ဒါမှမဟုတ်ရင် ပြုတ်သလောက်ဖြစ်နေပြီပဲလို့ မှတ်ချက်ပေးခဲ့ပြန်တယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ ထရမ့်ပ်က အဲဒီလို မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) အကြီးအကဲ အီလွန်မတ်စ်ခ်က သူ့လူမှုကွန်ရက်မှာပဲ “သမ္မတရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ကို နောက်တခါ အခွင့်အရေး ပေးလိုက်မယ်။ ဒုတိယအကြိမ် တုံ့ပြန်ဖို့ ပျက်ကွက်ရင်တော့ ပြုတ်ပြီပဲ” လို့ ထပ်ရေးပြန်ပါတယ်။

အခုလိုမျိုး ညွှန်ကြားချက်က ခဏခဏပြောင်း၊ အလွတ်သဘော ပြောတာတွေကလည်း အမျိုးမျိုးဖြစ်နေတဲ့အပြင် သက်ဆိုင်ရာဌာနအကြီးအကဲတွေကလည်း ကိုယ့်ဌာနနဲ့ကိုယ် အမျိုးမျိုး ညွှန်ကြားချက် ထုတ်ထားကြပါတယ်။

အခု ထရမ့်ပ်ခန့်ထားတဲ့ ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးတွေ ဦးဆောင်နေပြီဖြစ်တဲ့ ကာကွယ်ရေး၊ ကျန်းမာရေး၊ တရားရေး၊ FBI စတဲ့ အဓိက ဌာနကြီးတွေက မတ်စ်ခ်ရဲ့ သတင်းပို့ဖို့ ညွှန်ကြားချက်ကို လိုက်နာစရာမလိုဘူး၊ သက်ဆိုင်ရာဌာန အကြီးအကဲကိုသာ သတင်းပို့ရမယ် စသဖြင့် ရုံးတွင်းညွှန်ကြားချက် ထုတ်ထားကြပြန်ပါတယ်။

ဒါကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြသလို တချို့ဝန်ထမ်းသမဂ္ဂတွေကလည်း မူလညွှန်ကြားချက်နဲ့ ပတ်သက်ပြီး တရားစွဲထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013