Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ် အမိန့် လိုက်နာရန်မလိုဟု ဌာနအချို့ တုံ့ပြန်
DVB
·
February 24, 2025
Photo : Reuters

အမေရိကန် အစိုးရဝန်ထမ်းအားလုံး တပတ်အတွင်း ဘာလုပ်သလဲ မတင်ပြရင် ရာထူးက အပြုတ်ပဲလို့ အီလွန်မတ်စ်ခ်က အမိန့်ထုတ်ခဲ့ပေမဲ့ လိုက်နာဖို့ မလိုဘူးလို့ တချို့ဌာနတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အစိုးရဝန်ထမ်းအားလုံး ပြီးခဲ့တဲ့ တပတ်အတွင်း အလုပ်ပြီးမြောက်မှု ဘာတွေရှိသလဲဆိုတာတင်ပြရမှာဖြစ်ပြီး မလုပ်ရင် ရာထူးကနုတ်ထွက်တယ်လို့ မှတ်ယူမှာ ဖြစ်ကြောင်း   အီလွန်မတ်စ်ခ်က  သူ့လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက်မှာ “ပြီးခဲ့တဲ့အပတ်က သင်ဘာတွေလုပ်ခဲ့သလဲ” ခေါင်းစဉ်နဲ့ ဝန်ထမ်းအားလုံးဆီကို ဝန်ထမ်းစီမံခန့်ခွဲမှုရုံး၊ လူ့စွမ်းအားအရင်းအမြစ်ဌာနက တဆင့် အီးမေးလ်တွေပို့ခဲ့တာ ဖြစ်ပါတယ်။

အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ရဲ့ အကြီးအကဲ မတ်စ်ခ်ဟာ သမ္မတထရမ့်ပ်ရဲ့ ခွင့်ပြုချက်နဲ့ အစိုးရဝန်ထမ်းအင်အား လျှော့ချရေးကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်အစိုးရကပဲ ခန့်ထားတဲ့ FBI နဲ့ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေက သူတို့ဝန်ထမ်းတွေ အနေနဲ့ စီမံခန့်ခွဲမှု အဆင့်ဆင့်ရဲ့ ပြင်ပမှာရှိတဲ့ ညွှန်ကြားချက်တွေကို တုံ့ပြန်စရာ မလိုဘူးလို့ အီးမေးလ် ထပ်ပို့ပြန်ပါတယ်။

ဒါဟာ ပြည်ထောင်စုအစိုးရဝန်ထမ်း ၂ ဒသမ ၃ သန်း လျှော့ချရေးအတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ အစီအစဉ်မှာ အစိုးရအဖွဲ့အတွင်း ပွတ်တိုက်မှုရှိတဲ့ လက္ခဏာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ထရမ့်ပ်က ခန့်ထားတဲ့ FBI ညွှန်ကြားရေးမှူး ကက်ရှ်ပတဲလ်က “FBI ဟာ ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်အားလုံးကို ညွှန်ကြားရေးမှူးရုံးကတဆင့်ပဲ ကြီးကြပ်သွားမယ်” လို့ ဝန်ထမ်းတွေဆီကို အီးမေးလ် ပို့ခဲ့ပါတယ်။

မတ်စ်ခ်ရဲ့ DOGE ဌာနဟာ အစိုးရဝန်ထမ်း ၂၀,၀၀၀ ကျော် ဖြုတ်ပြီးပြီဖြစ်သလို နောက်ထပ် ၇၅,၀၀၀ ကလည်း နစ်နာကြေးယူပြီး ထွက်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

တန်းစီဖြုတ်တဲ့အချိန်မှာ နိုင်ငံရဲ့ နျူးကလီးယားလက်နက် လုံခြုံရေးကနေ ကြက်ငှက်တုပ်ကွေး တိုက်ဖျက်ရေးအထိ အရေးကြီးတဲ့လုပ်ငန်းတွေ လည်ပတ်မှု အခက်အခဲရှိလာတဲ့အတွက် တချို့ ဝန်ထမ်းတွေကို ပြန်ခန့်ခဲ့ရပါတယ်။

အမေရိကန်အစိုးရကြွေးမြီဟာ ဒေါ်လာ ၃၆ ထရီလျံထိ ရှိနေတာကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ နှစ်ပါတီလုံးက လိုလာကြပေမဲ့ သိမ်းကြုံးရှင်းလင်းတဲ့ မတ်စ်ခ်ရဲ့ ကိုင်တွယ်ပုံကိုတော့ ရီပတ်ဘလီကန်ပါတီတွင်းမှာပါ ဝေဖန်မှုတချို့ ရှိလာခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013