Home
နိုင်ငံတကာ
အစိုးရဝန်ထမ်းအားလုံး ‘ပြီးခဲ့တဲ့အပတ် ဘာတွေလုပ်သလဲ’ မတင်ပြနိုင်လျှင် ထွက်ရန် မက်စ် အမိန့်ထုတ်
DVB
·
February 23, 2025
Photo: Reuters

အမေရိကန်ပြည်ထောင်စုအစိုးရဝန်ထမ်း အားလုံးဆီကို ‘ပြီးခဲ့တဲ့အပတ်က သင် ဘာတွေ လုပ်ခဲ့သလဲ’ ခေါင်းစဉ်နဲ့ အီးမေးလ်တစောင် ဝင်လာပါတယ်။ 

ရှေ့တပတ်တာ အလုပ်ပြီးမြောက်မှုတွေကို တနင်္လာနေ့ည နောက်ဆုံးထား မတင်ပြနိုင်ရင် အလုပ်က နုတ်ထွက်ပြီးသားလို့ မှတ်ယူမှာဖြစ်ကြောင်းပါ ပါရှိပါတယ်။  

အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ရဲ့ အကြီးအကဲ အယ်လွန်မက်စ်က သူပိုင်တဲ့ X လူမှုကွန်ရက်မှာ ဒီကိစ္စကို အရင်ကြေညာခဲ့တာဖြစ်ပါတယ်။ 

“သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အတိုင်း အစိုးရဝန်ထမ်းအားလုံး ပြီးခဲ့တဲ့အပတ်က ဘာတွေ ပြီးမြောက်သလဲဆိုတာ မေးမြန်းထားတဲ့ အီးမေးလ်တစောင်စီ မကြာမီရရှိပါလိမ့်မယ်။ တုံ့ပြန်ဖို့ ပျက်ကွက်ရင် အလုပ်ထွက်တယ်လို့ သတ်မှတ်မှာဖြစ်ပါတယ်” လို့မက်စ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။  

မက်စ်က ဒီလို ကြေညာပြီးနာရီပိုင်းအကြာမှာတော့ သမ္မတဒေါ်နယ်ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်ကနေ DOGE ဌာနဟာ အင်အား ၂ ဒသမ ၃ သန်းရှိတဲ့ ပြည်ထောင်စုအစိုးရ ဝန်ထမ်းအရေအတွက် လျှော့ချရေးကို အခုထက်ပို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်သင့်တယ်လို့ မှတ်ချက်ပေးပါတယ်။  

ထရမ့်က “အယ်လွန်က ကောင်းကောင်းလုပ်နေနိုင်တယ်၊ ဒါပေမဲ့ ဒီထက် ပိုခပ်ကြမ်းကြမ်းလေး ကိုင်စေချင်တယ်။ မှတ်ထားရမှာက၊ ကျုပ်တို့က တိုင်းပြည်တခုကို ကယ်တင်ရမှာ၊ နောက်ဆုံးမှာ အရင်ကထက် ပိုကြီးကျယ်ခမ်းနားအောင် လုပ်ရမှာ” လို့ ရေးသားခဲ့ပါတယ်။

မက်စ်ကလည်း အောက်ကနေ “လုပ်ပါ့မယ်၊ သမ္မတကြီးခင်ဗျား”လို့ ပြန်မှတ်ချက်ရေးခဲ့ပါတယ်။ 

‘ပြီးခဲ့တဲ့အပတ်က သင်ပြီးမြောက်ခဲ့တာ ခန့်မှန်းခြေ အနည်းဆုံးအချက် ၅ ချက်ဖော်ပြပြီး သင့်အထက်လူကြီး(မန်နေဂျာ) ကို မိတ္တူ(CC) ခံပြီး အကြောင်းပြန်ပါ။ လျှို့ဝှက်အချက်အလက်၊ လင့်ခ်၊ Attachment များ မတွဲပါနဲ့’ လို့ ဝန်ထမ်းစီမံခံခွဲရေးရုံး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန အီးမေးလ်ကတဆင့် ဝန်ထမ်းအားလုံးဆီကို ပေးပို့တာဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024