Home
နိုင်ငံတကာ
စစ်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ လူမည်း ဗိုလ်ချုပ်နေရာကို လူဖြူ ဗိုလ်ချုပ်ဖြင့် ထရမ့်ပ် အစားထိုး
DVB
·
February 23, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အမေရိကန်စစ်ဘက်ရဲ့ အမြင့်ဆုံးရာထူးနေရာက လူမည်း ဗိုလ်ချုပ်ကြီးကို ထုတ်ပယ်ပြီးတဲ့နောက်မှာ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတယောက်ကို ရာထူးတိုးပေးပြီး လစ်လပ်နေရာမှာ ခန့်အပ်ဖို့ အဆိုပြုလိုက်ပါတယ်။ 

ရာထူး ကထုတ်ပယ်ခံခဲ့ရတဲ့  စစ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး စီကျူဘရောင်းဟာ အမေရိကန်သမိုင်းမှာ ကောလင်းပါဝဲလ် ပြီးရင်  ဒီရာထူးကို ခန့်အပ်ခံခဲ့ရတဲ့ ဒုတိယမြောက် လူမည်း ဖြစ်ပါတယ်။  

ဖယ်ရှားခံရတဲ့ လူမည်းဗိုလ်ချုပ်ကြီးဟာ မတူကွဲပြားမှု၊ သာတူညီမှု၊ အားလုံးပါဝင်မှု (DEI) အရေးတွေ လုပ်တဲ့သူဖြစ်တာကြောင့် ထုတ်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်ကလည်း ပြောထားပါတယ်။ 

အခု သူ့နေရာမှာ အငြိမ်းစားယူပြီးသားဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဒန်ကိန်းကို ပြန်ခေါ်၊ နောက်တပွင့် ထပ်တင်၊ ဗိုလ်ချုပ်ကြီးနေရာပေးပြီးတော့ ခန့်အပ်မှာဖြစ်ပါတယ်။ 

Joint Chiefs of Staff ဆိုတာ ကြည်း၊ ရေ၊ လေ၊​ မရိန်း၊ အာကာသ၊ အမျိုးသားအစောင့်တပ်တွေရဲ့ စစ်ဦးစီးချုပ်များပူးတွဲအဖွဲ့ တနည်းအားဖြင့် စစ်ဦးစီးအဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ စစ်ဘက်ရာထူးမှာ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။  

ကြယ်သုံးပွင့်ဗိုလ်ချုပ်ကြီးလို့ အမေရိကန်မှာ အလွယ်ခေါ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတယောက်ကို ဒီလို အငြိမ်းစားကနေ ပြန်ခေါ်ပြီး အမြင့်ဆုံးရာထူးပေးတာ မကြုံစဖူးကိစ္စ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ သူ့ပထမသမ္မတသက်တမ်း ၂၀၁၈ တုန်းက အီရတ်မှာ ကိန်းနဲ့စတွေ့ခဲ့ဖူပြီး အဲဒီတုန်းက ကိန်းက အိုင်အက်စ်အဖွဲ့ကို တိုက်နေတဲ့ အထူးတပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ဖြစ်ပါတယ်။ 

သူက အိုင်အက်စ်ကို တပတ်တည်းနဲ့ ရှင်းပစ်နိုင်တယ်လို့ ထရမ့်ပ်ကို ပြောခဲ့ဖူးတယ်လို့ဆိုပြီး အဲဒီနောက်ပိုင်းမှာလည်း ထရမ့်ပ်ဟာ ကိန်းနဲ့ အကြိမ်ကြိမ်တွေ့ခဲ့ဖူးပြီး တော်တော်သဘောကျခဲ့တာလို့ ဆိုပါတယ်။ 

“သူက တကယ့်ဗိုလ်ချုပ်အစစ်ဗျ၊ ရုပ်သံဗိုလ်ချုပ်မဟုတ်ဘူး” လို့ ပြောခဲ့ဖူးပါတယ်။ 

F-16 တိုက်လေယာဉ်မှူးဟောင်းဖြစ်တဲ့ ကိန်းကို အငြိမ်းစားကနေ ပြန်ခေါ်အပြီးမှာ ကြယ်လေးပွင့် ရာထူးအရင်တိုး၊ အထက်လွှတ်တော်ရဲ့ စိစစ်မှုခံယူပြီးမှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ 

ကိန်းဟာ အငြိမ်းစားယူပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

စစ်ဦးစီးအဖွဲ့ ဥက္ကဋ္ဌနေရာကို ပုံမှန်အားဖြင့် စစ်တိုင်းဌာနချုပ်တွေ ဒါမှမဟုတ် ကြည်း၊ ရေ၊ လေ၊ မရိန်းတပ်တခုခုရဲ့ အကြီးဆုံးနေရာတွေ ယူခဲ့ဖူးသူကိုသာ ပေးလေ့ရှိပေမဲ့ ကိန်းကတော့ အငြိမ်းစားမယူခင်မှာ အဲဒီအဆင့်အထိ မရောက်ခဲ့ပါဘူး။ 

ထရမ့်ကတော့ ‘အိပ်ငိုက်နေတဲ့ ဂျိုး’ က ရာထူးမတိုးပေးဘဲ ကျော်သွားလို့ အခုလိုဖြစ်ရတာလို့ သမ္မတဂျိုးဘိုင်ဒင်က နေရာမပေးခဲ့လို့ဆိုပြီး ဝေဖန်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013