
ထရမ့်ပ် အစိုးရက ဝန်ထမ်းအရေအတွက် လျှော့ချနေတာကြောင့် အမေရိကန် ပြည်တွင်းအခွန်ဌာန (IRS) မှ ဝန်ထမ်းပေါင်း ၆၀၀၀ လောက် အလုပ်ထုတ်ခံရမှာဖြစ်ကြောင်း (IRS) အမှုဆောင်အရာရှိက ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ဒါဟာ အရေးကြီးနေတဲ့ အခွန်ဆောင်ရာသီ အလယ်တည့်တည့်ကြီးမှာ အခွန်အေဂျင်စီရဲ့ လုပ်အား ၆ ရာခိုင်နှုန်းလောက်ကို ဖယ်ရှားပစ်မယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။
IRS ဟာ ဧပြီ ၁၅ ရက် နောက်ဆုံးထားပြီး အခွန်ပေးသွင်းဖို့ ၂ လသာ လိုတော့တဲ့ သူ့ရဲ့ အလုပ်အများဆုံး ကာလအလယ်မှာ တခြားအေဂျင်စီတွေထက် ဝန်ထမ်းလျှော့ချမှုကို သေချာဂရုတစိုက် လုပ်ဆောင်နေရပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စေ့စေ့စပ်စပ် ဝန်ထမ်းအင်အား လျှော့ချရေး ကြိုးပမ်းမှုထဲမှာ ဘဏ် စည်းကမ်းထိန်းသိမ်းရေးမှူးတွေ၊ သစ်တောဝန်ထမ်းတွေ၊ ဒုံးပျံသိပ္ပံပညာရှင်တွေနဲ့ တခြားအစိုးရဝန်ထမ်း ထောင်ပေါင်းများစွာကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဒီဆောင်ရွက်မှုကို ထရမ့်ပ်ရဲ့ အကြီးမားဆုံး မဲဆွယ်စည်းရုံးရေး အလှူရှင်ဖြစ်တဲ့ နည်းပညာ ဘီလျံနာ အီလွန်မတ်စ်ခ် ကဦးဆောင်လုပ်နေတာပါ။
IRS မှ အလုပ်ထုတ်ခံရသူတွေဟာ ချမ်းသာတဲ့ အခွန်ထမ်းသူတွေအပေါ် ထပ်တိုး တင်းကျပ်မှုတွေကို တိုးချဲ့လုပ်ဆောင်ခဲ့တဲ့ အရင် ဒီမိုကရက်တစ်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ ချဲ့ထွင်ခန့်အပ်ထားတဲ့ အလုပ်သမားတွေကို အဓိကပစ်မှတ်ထားပြီး အလုပ်ဖြုတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။
အခုခါ အေဂျင်စီဟာ ထရမ့်ပ် တက်လာတုန်းက ၈၀၀၀၀ ကနေ အကြမ်းဖျင်းအားဖြင့် လူ ၁ သိန်းလောက်ကို ခန့်ထားတာ ဖြစ်ပါတယ်။
အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေဟာ အစမ်းခန့်ဝန်ထမ်းတွေ ဖြစ်ကြပြီး သူတို့ဟာ အတည်ခန့်ပြီးသား ဝန်ထမ်းတွေထက် အကာအကွယ် အနည်းငယ်သာ ခံစားခွင့်ရှိပါတယ်။
Source-Reuters