
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်နဲ့ ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်ရာမှာ B-1B ဗျူဟာမြောက် ဗုံးကြဲလေယာဉ် အနည်းဆုံးတစီး ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားက နျူးကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ ထပ်တိုးအဟန့်အတား စွမ်းရည်တွေကို ပြဖို့ ဖြစ်တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့ အစောပိုင်းမှာ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေက AUKUS မိတ်ဖက်အဖွဲ့ လက်အောက်ကနေ ဩစတြေးလျနဲ့ ၂၀၂၁ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့ နျူးကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်အတွက် အမေရိကန်ကို ဝေဖန်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုလို့ ဝေဖန်ခဲ့ပါတယ်။
အမေရိကန်ဟာ မြောက်ကိုရီးယားကို ဒေသတွင်း ဩဇာတည်ဆောက်ရေးအတွက် အတားအဆီးတခုအဖြစ် ရှုမြင်နေတယ်လို့ မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က သုံးသပ်ထားပါတယ်။
သူ့ဘာသာသူ ရည်ညွှန်းရင်း နျူးကလီးယားလက်နက်ပိုင်ရှင် နိုင်ငံတွေဟာ အလဟဿ ထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း KCNA က ပြောခဲ့ပါတယ်။
Source : Reuters