
အမေရိကန်ပြည်ထောင်စုမှ ပနားမားကို ပို့လွှတ်လိုက်တဲ့ အာရှနဲ့ အရှေ့အလယ်ပိုင်းက အများစု အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၇၀ ထက်မနည်းဟာ သူတို့ရဲ့ မိခင်နိုင်ငံတွေဆီကို သူတို့ဆန္ဒအလျောက် ပြန်ကြဖို့ သဘောတူထားတယ်လို့ ပနားမား ပြည်သူ့လုံခြုံရေးဝန်ကြီး ဖရန့်ခ် အဘရီဂိုက ဖေဖော်ဝါရီ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်အစိုးရနဲ့ သဘောတူထားတဲ့ အချက်ကတော့ သူတို့ကို နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကတဆင့် အမေရိကန်ဆီက ငွေကြေးပံ့ပိုးမှုနဲ့ ပနားမားအာဏာပိုင်တွေရဲ့ အကာအကွယ်ပေးမှုအောက်ရှိ မြို့တော်ဟိုတယ်တခုမှာ ထားရှိဖို့ဖြစ်ကြောင်းနဲ့ သူတို့ရဲ့နိုင်ငံတွေဆီ နေရပ်ပြန်ပို့ရေးကတော့ IOM နဲ့ UNHCR တို့မှာ တာဝန်ရှိပါတယ်လို့ ဆိုပါတယ်။
“ဒီအပတ်အတွင်းမှာ လုပ်ငန်းစဉ်တခု ရှိပြီးတော့ လူ ၂၀ - အစိတ်လောက်က ကျနော်တို့ တိုင်းပြည်ကနေ ထွက်ခွာသွားမယ်၊ သူတို့ ၂၉၉ ယောက်ထဲမှာ ၁၇၁ ယောက်က သူတို့ရဲ့ မူရင်း ဇာတိနိုင်ငံကို ပြန်ဖို့ သဘောတူထားပြီးသားပါ” လို့ ပြည်သူ့လုံခြုံရေးဝန်ကြီး အဘရီဂိုက ပြောဆိုပါတယ်။
အမေရိကန်ကနေ ပြည်နှင်ဒဏ်ပေးခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူ လူသစ်တွေ ထပ်ရောက်လာမှာကိုလည်း သဘောမတူဘူးလို့ ဆိုပါတယ်။
UN အေဂျင်စီတွေက သူတို့ရဲ့ အပြန်လက်မှတ်တွေကို ပေးတဲ့အခါမှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ လက်ကျန် ရွှေ့ပြောင်းအခြေချသူတွေဟာ ဖြည်းဖြည်းချင်း ထွက်ခွာဖို့ စီစဉ်ထားပါတယ်။
တချိန်တည်းမှာပဲ သူတို့ကို ဗဟိုအမေရိကနဲ့ တောင်အမေရိကကို ပိုင်းခြားထားတဲ့ ဒါရီယန်ဂက်ပ် အန္တရာယ်တောအုပ်ကြီး တည်ရှိတဲ့ နေရာက ခိုလှုံရေးစခန်းတခုမှာ နေရာပြန်ချထားပေးဖို့လည်း မျှော်လင့်ရပါတယ်။
Source : Reuters