
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ ဦးဆောင်ပြီး ဆော်ဒီအာရေဗျနိုင်ငံမှာ ဆွေနွေးမှုစတင်နေပြီ ဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုတို့ တွေ့ဆုံမှုမှာ ယူကရိန်းကိုရော၊ မဟာမိတ် ဥရောပနိုင်ငံတွေကိုပါ ဖိတ်ကြားခြင်းမရှိပါဘူး။
အမေရိကန်ကတော့ ဒီတွေ့ဆုံမှုဟာ စစ်ပွဲအဆုံးသတ်ရေး ရုရှားဘက်က တကယ်စိတ်အားထက်သန်မှု ရှိ၊ မရှိ ကြည့်ဖို့ ပထမခြေလှမ်းလို့ ထုတ်ပြန်ထားပါတယ်။
ရုရှားဘက်ကတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ရည်ရွယ်တယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် အခုဆွေးနွေးပွဲဟာ ထရမ့်ပ်နဲ့ ပူတင်တို့ မျက်နှာချင်းဆိုင်တွေ့ဆုံရေး ကြိုတင်ပြင်ဆင်ဖို့လည်း ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းမပါဘဲ ရတဲ့ ဘယ်သဘောတူညီချက်ကိုမှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးမှုမှာ ပါဝင်ချင်တဲ့ ဥရောပခေါင်းဆောင်တွေကလည်း အရေးပေါ် ထိပ်သီးဆွေးနွေးပွဲတရပ် ဖေဖော်ဝါရီ ၁၇ ရက်မှာ ကျင်းပခဲ့ပါတယ်။
ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ခ်ကလည်း ဥရောပနိုင်ငံတွေ မပါဘဲ ဘယ်ဆုံးဖြတ်ချက်မှ မချသင့်ဘူးလို့ ပြောထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ ဗြိတိန်တပ်ဖွဲ့တွေ ယူကရိန်းကို စေလွှတ်ဖို့ အသင့်ရှိခဲ့တယ်လို့ ပြောခဲ့ပေမဲ့ တခြားဥရောပနိုင်ငံတွေကတော့ တွန့်ဆုတ်နေကြပါတယ်။
ဂျာမနီဝန်ကြီးချုပ် အိုလာ့ဖ်ရှို့လ်ဇ်က တပ်ဖွဲ့တွေလွှတ်ဖို့ ကိစ္စက မသင့်တော်သလို အချိန်မတန်သေးဘူးလို့ မှတ်ချက်ချခဲ့ပါတယ်။
Source : Reuters