
ထိုင်ဝမ်လွတ်လပ်ရေး မထောက်ခံဆိုတဲ့ အသုံးအနှုန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်ပါတယ်။
ထိုင်ဝမ်အရေး ဖော်ပြချက်မှာ ထိုင်ဝမ်ဘက်ကရော တရုတ်ဘက်ကပါ တဖက်သတ် ပြောင်းလဲမှာကို လက်မခံဘူးဆိုတဲ့ အချက်ကိုတော့ ဆက်လက်ထားရှိထားပါတယ်။
“ထိုင်ဝမ်လွတ်လပ်ရေးကို ကျွန်ုပ်တို့ လက်မခံ” ဆိုတဲ့ စကားစုကို ဖယ်ရှားလိုက်တာအပြင် ထိုင်ဝမ်နဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ နည်းပညာနဲ့ တပိုင်းလျှပ်ကူးပစ္စည်း ဖွံ့ဖြိုးရေးစီမံကိန်း ပူးတွဲဆောင်ရွက်မှုကိုလည်း ထည့်သွင်းဖော်ပြလာတာ တွေ့ရပါတယ်။
ဒါ့အပြင် “သင့်လျော်တဲ့အခါမှာ” နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ထိုင်ဝမ်အဖွဲ့ဝင်ဖြစ်ရေးကိုပါ အမေရိကန်က ထောက်ခံပေးသွားမယ်လို့ပါ ဖော်ပြထားပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံအများစုလိုပဲ ထိုင်ဝမ်နဲ့ ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ထားတာ မရှိပေမဲ့ အားအကောင်းဆုံး ပံ့ပိုးသူအဖြစ် ဆက်ရှိနေပါတယ်။
ထိုင်ဝမ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေး နည်းလမ်းတွေ ထောက်ပံ့ပေးရမယ်လို့ ဥပဒေပါ ပြဋ္ဌာန်းထားပါတယ်။
တရုတ်-ထိုင်ဝမ် မတူကွဲပြားမှုတွေကို နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းသွားဖို့ မျှော်လင့်ကြောင်းလည်း နိုင်ငံခြားရေးဌာန ဝက်ဘ်ဆိုက်မှာ အသစ်တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချီယားလွမ် ကတော့ အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးကို ပံ့ပိုးတဲ့ အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်ဝမ်ဟာ တသီးတခြား ရပ်တည်နေတာဖြစ်ပေမဲ့ တရုတ်နိုင်ငံ အစိတ်အပိုင်းအဖြစ် ပြည်မကြီး ကွန်မြူနစ်အစိုးရက သတ်မှတ်ထားပြီး ပြန်လည်ပေါင်းစည်းရေး လိုလားနေတာ ဖြစ်ပါတယ်။
ထိုင်ဝမ်အစိုးရကတော့ ကျွန်းနေပြည်သူတွေကသာ သူတို့အနာဂတ်ကို အဆုံးဖြတ်ပေးနိုင်မှာဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်သမ္မတနိုင်ငံ (ROC) အမည်နဲ့ လွတ်လပ်ပြီး နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ပြည်မကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) လို့ သုံးနှုန်းတာ ဖြစ်ပါတယ်။
Source : Reuters