
ရုရှားအစိုးရနဲ့ ယုံကြည်မှုအခြေပြု စေ့စပ်ညှိနှိုင်းရာမှာ ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်နဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ ဆက်လက်လုပ်ဆောင်သွားရေးနဲ့ ရုရှားကို အနာဂတ်မှာ ဒဏ်ခတ်ရေးအတွက် ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖော်ဝါရီ ၁၅ ရက်မှာ သဘောတူခဲ့ကြပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်နလီ ဂျိုလီက “ကျမတို့ ယူကရိန်းကို ဆက်ထောက်ခံပြီး ရုရှားအပေါ် အမြင့်ဆုံးဖိအားတွေ ဆက်ပေးသွားမှာပါ။ အဲဒါက G7 ကလာတဲ့ ရှင်းလင်းတဲ့ ကတိကဝတ်တခုပဲ”လို့ မြူးနစ်လုံခြုံရေးညီလာခံနဲ့ ဆက်စပ် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
မြူးနစ် ညီလာခံရဲ့ ပထမဆုံး လူချင်းတွေ့ဆုံပွဲမှာ ကနေဒါက G7 ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး ဂျိုလီက အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအာမခံချက်တွေဟာ စစ်ပွဲ ထပ်မစတော့တာ သေချာစေဖို့ ရည်ရွယ်ထားတယ်လို့ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ အီးယူတို့ ပါဝင်တဲ့ G7 က ပြောပါတယ်။
ခုအခါမှာ အမေရိကန်ဟာ နယ်စပ်လုံခြုံရေးနဲ့ တရုတ်နိုင်ငံကို တန်ပြန်ရေး တို့လို တခြား ဦးစားပေး ကိစ္စတွေ ရှိနေလို့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အဓိကတာဝန်ယူကြဖို့ နေတိုးအဖွဲ့ထဲက ဥရောပ မဟာမိတ်တွေကို မျှော်လင့်ထားတယ်လို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက မကြာသေးမီ ရက်ပိုင်းအတွင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဥရောပရဲ့ လုံခြုံရေးကို သေချာစေဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ဖို့ လိုတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယွန်း နိုဝယ်ဘာဟူကလည်း ပြောကြားလိုက်ပါတယ်။
ဥရောပဟာ သူရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ သူ့လုံခြုံရေးကို သေချာစေဖို့ ခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်ရမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်လုံခြုံရေးညီလာခံမှာ ပြောလိုက်တာပါ။
နိုင်ငံခြားရေးဝန်ကြီး ဘာဟူက “စာချုပ်အရ အတိုင်းအတာတခုအထိ အကျုံးဝင်တဲ့ ကျနော်တို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စိတ်ကင်းမဲ့မှု၊ ပေါ့လျော့မှုမျိုးနဲ့ ကျနော်တို့ဟာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပါတယ်” လို့ အခမ်းအနားအတွင်း သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းအကျပ်အတည်းကို အမေရိကန်က ဘယ်လို ကိုင်တွယ်သင့်တယ် ဆိုတာ အမေရိကန်အစိုးရအနေနဲ့ ထင်မြင်ချက်ပေးနေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ ဆွေးနွေးအပြီးမှာ ဘာဟူက ပြောပါတယ်။
Source : Reuters