
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားနဲ့ အတူထိုင်ဆွေးနွေးမယ်လို့ ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်မှာ ဥရောပခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ယူကေဝန်ကြီးချုပ် ကီယာစတာမာ၊ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်၊ NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေနဲ့ တခြား ဥရောပခေါင်းဆောင်တွေကို ထရမ့်ပ်နဲ့ စကားပြောဆိုပြီးသွားတဲ့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က အီးလိဇီနန်းတော်ကို ကြိုဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ထရမ့်ပ်ဟာ ယူကရိန်းနဲ့ ဥရောပခေါင်းဆောင်တွေကို တိုင်ပင်ခြင်းမပြုဘဲ အနောက်အုပ်စုက ကာလကြာရှည် ဝိုင်းပယ်ထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့ ဖုန်းခေါ်ဆိုခဲ့ကြောင်း ကြေညာခဲ့ချိန်မှာ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။
အမေရိကန်နဲ့ ရုရှားအကြီးတန်းအရာရှိတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
တနင်္လာနေ့က ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမဒ် ဘင်န် ဆယ်လ်မန်ဟာ မြို့တော် ရီယာ့ဒ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို အပြင် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ် ဝေါ့လ်ဇ်နဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းသံတမန် စတိဗ် ဝစ်တ်ကော့ဖ် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ရုရှားဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်နဲ့ ကရင်မလင် နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီ အူရှာကော့ဗ်တို့ ပါဝင်မယ်လို့ ကရင်မလင်က ပြောပါတယ်။
အမေရိကန်ဟာ ရုရှားနဲ့ဆွေးနွေးမယ့် စေ့စပ်ညှိနှိုင်းရေးမှူး အကြီးအကဲတယောက်ကို မခန့်အပ်ရသေးတာကြောင့် မော်စကိုနဲ့ ဝါရှင်တန်တို့ဟာ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘယ်လိုစတင်ရမယ် ဆိုတာကို သဘောမတူရသေးဘူးလို့လည်း အူရှာကော့ဗ်က ပြောပါတယ်။
အစည်းအဝေးရဲ့ ရည်ရွယ်ချက်မှာ ယူကရိန်းအရေး ညှိနှိုင်းမှုတွေ စတင်ရေးကို ဆွေးနွေးဖို့နဲ့ အမြင့်ဆုံးအဆင့် (ပူတင်နဲ့ ထရမ့်ပ်အကြား) အဆက်အသွယ်တွေအတွက် အလားအလာတွေကို ဆွေးနွေးဖို့ ဖြစ်တယ်လို့ ရုရှားသမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး အူရှာကော့ဗ်က ချန်နယ်ဝမ်း ရုပ်သံကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့ကိုပါဝင်ဖို့ ဖိတ်ကြားခြင်းမရှိဘဲ ကျင်းပနေတဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲကို ပယ်ချခဲ့ပြီး ရုရှားကလည်း နယ်မြေပိုင်ဆိုင်မှုကို ပယ်ချခဲ့ပါတယ်။
ကိယက်ဗ်က သူ့နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဘယ်လိုဆွေးနွေးမှုမျိုးမှာမဆို ပါဝင်သင့်တယ် လို့လည်း ဇလန်းစကီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဇလန်းစကီးဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိမယ်လို့ ပြောကြားခဲ့ပေမဲ့လည်း သူ့ရဲ့ နိုင်ငံတော်ခရီးစဉ်ဟာ ကြိုတင်စီစဉ်ထားပြီးသားဖြစ်ပြီး အမေရိကန်-ရုရှား ဆွေးနွေးပွဲတွေနဲ့ ဘာမှမသက်ဆိုင်ဘူးလို့လည်း ဆိုပါတယ်။
ဇလန်းစကီးဟာ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြိုတင်လျာထားတဲ့ ခရီးစဉ်အတွင်း တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ထရမ့်ပ်ရဲ့ ယူကရိန်းသံတမန် ကိတ်သ် ကဲလော့ဂ်ကို ဖိတ်ကြားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဥရောပနိုင်ငံရေးသမားတွေက စစ်ပွဲဆက်ဖြစ်နေစေချင်ရင် ယူကရိန်းငြိမ်းချမ်းရေး အခြေချမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ဖို့ ဥရောပကို ဘာကြောင့် ဖိတ်ကြားရမှာလဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်က ဖေဖော်ဝါရီ ၁၇ ရက်မှာ မေးခွန်းထုတ်လိုက်ပါတယ်။
အမေရိကန်-ရုရှား ဆွေးနွေးပွဲကို အင်္ဂါနေ့ ဆော်ဒီအာရေဗျနိုင်ငံမှာ မကျင်းပမီ ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ လာ့ဗရော့ဗ်က ခုလို ပြောလိုက်တာပါ။
ဥရောပဟာ ယူကရိန်းအရေး အခြေချမှုမှာ ပါဝင်ဖို့ အခွင့်အလမ်း အများကြီး ရခဲ့ပြီးသားဖြစ်လို့ တကယ်လို့ စစ်ပွဲအပေါ် ရပ်တည်ချက်ပေးထားတဲ့ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ဖိတ်ကြားခဲ့ရင် ဥရောပနိုင်ငံတွေက ဘယ်လိုထည့်ဝင်ကူညီမလဲ ဆိုတာကို မသိဘူးလို့ သူက ဆက်ပြောပါတယ်။
ဥရောပ နိုင်ငံရေးသမားတွေကြားမှာ ယူကရိန်းအပေါ် ကွဲပြားတဲ့အမြင်တွေ ရှိပေမဲ့ အများစုက တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ပြောထားကြပါတယ်။
ယူကရိန်းမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဆွေးနွေးဖို့ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ရုရှားအရာရှိတွေ ဖေဖော်ဝါရီ ၁၈ ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ရုရှားမီဒီယာ အများအပြားက ဖော်ပြပါတယ်။
ဆွေးနွေးပွဲတွေကို အင်္ဂါနေ့မှာ စမယ်လို့ပြောတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN သတင်းဌာနကလည်း အတည်ပြုခဲ့ပါတယ်။
ဆော်ဒီနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးဆောင်တဲ့ ဆော်ဒီအဖွဲ့တဖွဲ့က ဖျန်ဖြေရေး ကြိုးပမ်းမှုမှာ ပါဝင်ဆောင်ရွက်မယ်လို့ ဆော်ဒီတာဝန်ရှိသူတွေကို ကိုးကားပြီး CNN သတင်းဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို၊ အမျိုးသား လုံခြုံရေးအကြံပေး မိုက်ခ် ဝေါလ်ဇ်နဲ့ အရှေ့အလယ်ပိုင်း အထူးသံတမန် စတိဗ် ဝစ်ထ်ကော့ဖ်တို့ ပါမယ်လို့ မျှော်လင့်ထားကြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်လည်း ဆော်ဒီအာရေဗျကိုသွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မကြာခင်မှာ တွေ့ဆုံနိုင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်လိမ့်မယ်လို့လည်း ထရမ့်ပ်က မျှော်လင့်ထားပါတယ်။
ဒီအတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးညီလာခံရဲ့ ဆက်စပ် အစည်းအဝေးအတွင်း NATO အတွင်းရေးမှူးချုပ် မတ်ခ် ရူတေနဲ့ တွေ့ဆုံခဲ့တယ်လို့ CCTV သတင်းဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ရူတေရဲ့ ဖိတ်ကြားချက်အရ မြူးနစ်ညီလာခံကို တက်ခဲ့တဲ့ ဝမ်ယိဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တပ်ဖွဲ့ဝင်တယောက်ဖြစ်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေကြား ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ တပ်ဖွဲ့ဝင်အင်အား အကြီးဆုံးနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အကဲဖြတ်မှုမှာ ဒုတိယအကြီးဆုံး ပါဝင်သူဖြစ်တယ်လို့ ဝမ်က မှတ်ချက်ပြု ပြောဆိုပါတယ်။
ဒေသတွင်း ကာကွယ်ရေးအဖွဲ့အစည်းတရပ် အနေနဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ဟာ အာရှမှာ အင်အားတိုးချဲ့ဖို့ ရည်ရွယ်ချက်မရှိသလို ချဲ့ထွင်မှာလည်း မဟုတ်ဘူးလို့ ရူတေက ပြောပါတယ်။
နားလည်မှုနဲ့ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ဖို့ တရုတ်နဲ့ ဆွေးနွေးဖို့နဲ့ ဆက်ဆံရေးကို အားကောင်းစေဖို့ ဆန္ဒရှိတယ်လို့လည်း ရူတေက ပြောပါတယ်။
ယူကရိန်း အကျပ်အတည်းနဲ့ ပတ်သက်ပြီးလည်း နှစ်ဖက် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
ရုရှား-ယူကရိန်း ပဋိပက္ခကို စောစောနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရေးမှာ တရုတ်နိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ မျှော်လင့်ပြီး တရုတ်ရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းကို NATO က မြင့်မြင့်မားမား တန်ဖိုးထားတယ်လို့ ရူတေက ပြောပါတယ်။
တရုတ်နိုင်ငံက အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှုကို မြှင့်တင်ဖို့နဲ့ ဥရောပမှာ ဟန်ချက်ညီညီ ထိရောက်ပြီး ရေရှည်တည်တံ့တဲ့ လုံခြုံရေးဗိသုကာကို တည်ဆောက်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ တရုတ်က သက်ဆိုင်သူအားလုံးနဲ့ ဆက်ပြီးလက်တွဲဖို့ အသင့်ရှိတယ်လို့ ဝမ်ယိက အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။
Source : Reuters