
ငြိမ်းချမ်းရေးသဘောတူညီချက်တခုရဲ့ တစိတ်တဒေသအဖြစ် လုံခြုံရေးအာမခံချက်အတွက် ယူကရိန်းမြေပေါ်မှာ ဗြိတိန်တပ်ဖွဲ့တွေ ချထားဖို့ အသင့်ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပြောပါတယ်။
အနာဂတ်မှာ ပူတင်က နောက်ထပ် ရန်လိုလာမှာကို ဟန့်တားဖို့အတွက် ယူကရိန်းမှာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးအာမခံချက် ရှိဖို့လိုတယ်လို့ စတာမာက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် ပါရီမှာကျင်းပတဲ့ ဥရောပခေါင်းဆောင်များ အရေးပေါ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ စတာမာက အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
“လိုအပ်လာရင် မြေပြင်မှာ ကျုပ်တို့ကိုယ်ပိုင်တပ်ဖွဲ့တွေ ချထားပြီးတော့ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ထည့်ဝင်ဖို့ ဗြိတိန်က ပြင်ဆင်ထားတယ်” လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်က “ကျနော် ပေ့ါပေါ့လေးပြောတာ မဟုတ်ပါဘူး။ ဗြိတိန်စစ်မှုထမ်းတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ကိစ္စမျိုးဆိုရင် ကျနော့်မှာ အများကြီးတာဝန်ရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းလုံခြုံရေးအတွက် အာမခံဖို့ ကူညီရာမှာ အခန်းကဏ္ဍတရပ်ကနေ ပါဝင်တယ်ဆိုတာ ကျုပ်တို့ ဥရောပတိုက်ကြီး လုံခြုံရေးအတွက်၊ ကျုပ်တို့နိုင်ငံ လုံခြုံရေးအတွက် အာမခံချက်ရအောင် ကူညီနေတာ ဖြစ်ပါတယ်”လို့ တယ်လီဂရပ်ဖ်သတင်းစာမှာ ဆောင်းပါးရေးသားခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်တယ်ဆိုတာ ပူတင်က နောက်တခါမတိုက်ခင် ခဏရပ်တာမျိုး မဖြစ်စေရဘူးလို့လည်း ဆိုပါတယ်။
ဗြိတိန်တပ်တွေကို တခြား ဥရောပနိုင်ငံတွေက စစ်သည်တွေနဲ့အတူ ယူကရိန်းထိန်းချုပ်နယ်မြေနဲ့ ရုရှားထိန်းချုပ်နယ်မြေကြား နယ်စပ်တလျှောက်မှာ ချထားနိုင်တယ်လို့ပါ သုံးသပ်ထားပါတယ်။
Source : Reuters