
မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေက ထီးလင်းမြို့ ပတ်ဝန်းကျင်မှာ မိုင်းတွေထောင်ပြီး ခံစစ်ပြင်ဆင်နေကြလို့ ပြည်သူတွေ အသွားအလာ ဂရုစိုက်ကြဖို့ သတိပေးထားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
YRA - ထီးလင်းတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တယောက်က “ထီးလင်းမြို့ရဲ့ အရှေ့မြောက်ဘက်ကို ထီးလင်းမြို့ပေါ်က စစ်ေ–းတွေ အင်အား ၃၀ လောက်နဲ့ နင်းမိုင်း၊ တိုက်မိုင်းနဲ့ မြေမြှုပ်မိုင်းတွေ လာထောင်ကြတယ်။ မိုင်းထောင်ပြီး သိပ်မကြာဘူး မြို့ထဲကို ပြန်ဝင်သွားကြတယ်” လို့ ပြောပါတယ်။
ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီဝန်းကျင်မှာ မြို့ပြင်အထိထွက်ပြီး မိုင်းထောင်ခဲ့ကြတာလို့ ဆိုပါတယ်။
ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူ ကိုဘုန်းက “ခုခံစစ်ပြင်နေတဲ့ ထီးလင်းမြို့ပေါ်က ရွှေထီးခန်းမ၊ ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းတချို့မှာ စစ်သား၊ ရဲနဲ့ ပျူအင်အား ၃၀၀ ၀န်းကျင်ရှိတယ်။ PDF တွေ မြို့ထဲကို အလွယ်တကူဝင်မလာနိုင်အောင် ခံစစ်ပြင်တဲ့သဘောရှိတယ်။ သူတို့ဘက်ကနေ အခုလို မိုင်းထောင်တာတွေကတော့ မကြာခဏ လုပ်လေ့ရှိတယ်။ သူတို့က အင်အားနည်းတော့ မြို့ပတ်ချာလည် ၁ မိုင် ၁ မိုင်ခွဲလောက်အထိပဲ ထွက်ရဲကြတယ်။ အဲလောက်အတွင်းမှာပဲ မိုင်းတွေထောင်ကြတာပေါ့။ ဒီဘက်က ပကဖတွေကလည်း ပြည်သူတွေ အန္တရာယ်ကင်းဖို့ မိုင်းရှင်းလင်းရေးတွေ ဆက်တိုက် ဆောင်ရွက်ပေးနေရတယ်” လို့ DVB ကို ပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းက ဒေသခံပြည်သူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ကောင်စီတပ်ရဲ့ မြေပြင်မိုင်းအန္တရာယ်တွေနဲ့ လေကြောင်းအန္တရာယ်တွေကို သတိထား နေထိုင်သွားလာကြဖို့ သတိပေးလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က ထီးလင်းမြို့ အနောက်ဘက်ကို ရေချိုးဆင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် တယောက်လည်း အဆိုပါ စစ်ကောင်စီလက်အောက်ခံတွေ ထောင်ထားခဲ့တဲ့မိုင်းကို နင်းမိပြီး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။
ယောဒေသက ထီးလင်းမြို့၊ ဆောမြို့၊ ဂန့်ဂေါမြို့တွေကို မြေပြင်ကနေ ရိက္ခာပို့တဲ့ လမ်းကြောင်းတွေ အားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တဲ့အတွက် စစ်ကောင်စီတပ်ဟာ အဆိုပါမြို့တွေမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းတခုတည်းသာ အသုံးပြုပြီး ရိက္ခာနဲ့ အင်အားတွေ ပို့ဆောင်ပေးနေတယ်လို့လည်း ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။