
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ဘိုကုန်းရွာနဲ့ စီတိုင်းကန်ရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၆ ရက်က ၂ ကြိမ်တိုင်တိုင် လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အခုလို လေယာဉ်နဲ့ ဗုံးကြဲချနေတာကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ အခြေအနေ မသိရပေမဲ့ ပြည်သူအများအပြား နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“ဖေဖော်ဝါရီ ၁၆ ရက်နေ့က နေ့ခင်း ၁ နာရီကျော်အချိန်ကလည်း လေယာဉ်နဲ့ ပထမတကြိမ် လာကြဲတယ်ဗျ။ ၆ ပတ် ပတ်ပြီး ကြဲသွားတယ်။ ညပိုင်း ၁၁ အချိန်မှာလည်း ထပ်မံပြီး ဒုတိယအကြိမ် လာကြဲတယ်ဗျ။ ထိခိုက်သေဆုံးကတော့ ဘာမှမသိရသေးဘူး။ ကျနော်တို့ ဒေသခံတွေကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်။ စစ်တပ်က စီတိုင်းကန်ရွာဘက်ကနေ မနေ့မနက်ခင်းပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၃ ဦး ကျည်စထိမှန်ထားတာလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်က နယ်မြေကျူးကျော်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေရတာလို့လည်း ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
“စီတိုင်းကန် အထိုင်စခန်းကနေ ကျနော်တို့စိုးမိုးနယ်မြေဖြစ်တဲ့ နယ်မြေကို စစ်ကြောင်းထိုးလာလို့ အခုလို တိုက်ပွဲဖြစ်နေတာဗျ။ သူတို့ဘက်က ရှေ့ဆက်ပြီး စစ်ကြောင်းထိုးမရလို့ လေယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်နေတာဗျ။ ဗုံးသီးတွေက ပေါင် ၅၀၀ ဗုံးတွေ ကြဲချတာ။ အထိခိုက်ကတော့ ကျနော်တို့ ကာကွယ်ရေးဘက်က လက်ရှိအချိန်အထိ အထိအခိုက် အကျအဆုံး မရှိသေးပါဘူး။ အရပ်သား သေဆုံးမှုကတော့ ကျနော်တို့ ဘာမှ မသိရသေးဘူး။ နှစ်ဖက် စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲ အခြေအနေပါပဲ။”
စစ်တပ်က စီတိုင်းကန် အထိုင်စခန်းကနေ အရှေ့ဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေယာဉ်နဲ့ ပစ်ကူနေတာရှိသလို မြကန်သာ၊ သရက်ကိုင်းရွာမှာရှိတဲ့ စစ်တပ်အထိုင်စခန်းတွေကနေလည်း လက်နက်ကြီးပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။