
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဝင်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နောက်ထပ် ၃ ယောက် ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “မတ္တရာမြို့ဘက်ကနေလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး မြောင်းသစ်ရွာထဲကို ကျတယ်။ ၁ လုံးက လူနေအိမ်တွေနားကို ကျတယ်။ အဲဒီမှာ ၁ ယောက် ဒဏ်ရာရတယ်။ ကျန်တဲ့ ၂ လုံးက ဘုန်းကြီးကျောင်းဝင်းထဲကို ကျပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ သန့်ရှင်းရေးကုသိုလ်ယူနေတဲ့ အမျိုးသမီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးကုနေရင်းနဲ့ပဲ ဆုံးသွားပါတယ်။ ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်နဲ့ အဲဒီကျောင်းနားက အိမ် ၁ လုံးလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသွားသူဟာ မြောင်းသစ်ကျေးရွာက အသက် ၃၄ နှစ်အရွယ် မစိုးစိုး ဖြစ်တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ် ပကဖ တာဝန်ခံ ကိုပီတာ က “အဲဒီရွာက မန္တလေး-မြစ်ကြီးနား လမ်းပိုင်းဘေးမှာရှိတာပါ။ ထိတွေ့တိုက်ပွဲဖြစ်နေတာမရှိပါဘူး။ တမင်ပစ်တဲ့သဘောပါ။ နောက်ထပ် ထပ်ပစ်မှာကြောက်ကြလို့ မြောင်းသစ်ရွာက ရွာခံတော်တော်များများထွက်ပြေးကုန်ကြပြီ။ ရွာက အိမ်ခြေ ၁၅၀ လောက်နဲ့ လူဦးရေ ၅၀၀ ကျော်လောက်ရှိတယ်။ ၃၀၀ ကျော်လောက် ထွက်ပြေးကုန်ပြီလို့ သိရတာပေါ့ဗျ” လို့ DVB ကို ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းက ဆိတ်သာရွာကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။