
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း အသုံးပြု တိုက်ခိုက်ရတဲ့အထိ ၂ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက် တိုက်ပွဲအတွင်းကျဆုံး၊ အရပ်သား ၁ ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။
ပုလောမြို့ကနေ အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီနဲ့ မွန်းလွဲ ၁ နာရီဝန်းကျင်တို့မှာ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဆီတောင်အနီးတဝိုက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ရှပ်ပုံကျေးရွာအုပ်စု၊ ရေချိုကျေးရွာမှာ တောလမ်းကတဆင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
“အခုက စစ်ကြောင်းက ရွာထဲမှာ မရှိတော့ဘူး။ ပုလောမြို့ထဲ ပြန်ဆုတ်သွားပြီ။ သူတို့ ပိတ်မိနေတုန်းက လေကြောင်းပစ်ကူနဲ့ လမ်းဖွင့်ပြီး ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်လို့ စစ်ရှောင်နေတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုသင်္ကြန်ဦး ဆိုသူဟာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး သူ့ရဲ့အမျိုးသမီးဖြစ်သူမှာလည်း လက်မောင်းဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ကိုအာနိုးက ထပ်ပြောပါတယ်။
“ဆီတောင်ဘုန်းကြီးကျောင်းနားမှာ စစ်ရှောင်နေရင်းနဲ့ လက်နက်ကြီး ထိတာပါ။ သူ့မိန်းမမှာက လက်မောင်းဒဏ်ရာရပြီး ဖြတ်ရဖို့အထိ အခြေအနေရှိနိင်တယ်ဆိုပြီး သတင်းပြန်ကြားရတယ်”
တိုက်ပွဲဖြစ်တဲ့ ရှပ်ပုံကျေးရွာအုပ်စုက ဒေသခံအများအပြားဟာ နီးစပ်ရာ တောတောင်၊ ဥယျာဉ်ခြံတွေထဲကို စစ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှပ်ပုံကျေးရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)၊ တပ်ရင်း ၇ နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။