
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဝက်သဲကုန်းရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားကလေးငယ်တယောက် ထိခိုက်ပြီး စာသင်ကျောင်း ၂ ထပ် အဆောင်တခုပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဝက်သဲကုန်းကျေးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်တာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ပစ်သွားတဲ့ နေရာက စစ်ဘေးရှောင်တွေနေတဲ့ နေရာကို ဗုံးကြဲပြီး ပစ်ခတ်သွားတာ။ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာပြီး လုပ်သွားတာ။ ဘာတိုက်ပွဲမှ မရှိဘဲကို ဗုံးကြဲပစ်ခတ်သွားတာ။ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိပြီး နွား ၁ ကောင်လည်း သေဆုံးခဲ့တယ်ဗျ။ ၂ ထပ် ကျောင်းအဆောင်ကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်” လို့ ရွာသားတယောက်က ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းက နေတိုက်ခိုက်မှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာနေကြတယ်လို့လည်း သိရပါတယ်။
ကောလင်းပြည်သူ့ကာကွယ်ရးအဖွဲ့ဝင်တယောက်က “အဲဒီသတင်းက သေချာပါတယ်။ မြေပြင်မှာ ကျနော်တို့အဖွဲ့နဲ့ သက်ဆိုင်သူတဦးတယောက်မှ မရှိဘဲကို လုပ်သွားတာ။ သူတို့ဘက်က သတင်းအမှားရလို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်အနေနဲ့လည်း ရသမျှ သတင်းတွေကို စိစစ်ဖို့လိုမယ်လို့ အကြံပေးချင်တယ်။ အခုဟာက သူတို့ချတဲ့နေရာတိုင်းမှာ PDF အဖွဲ့တွေ ထိခိုက်မှုမရှိဘဲ အရပ်သားတွေပဲ ထိခိုက်နေတာ။ နိုင်ငံတနိုင်ငံရဲ့ ပြည်သူကို ကာကွယ်မယ့် စစ်တပ်က ပြည်သူကို သတ်ဖြတ်နေတာကတော့ သိပ်သဘာဝမကျဘူး။ သေဆုံး ပျက်စီး ထိခိုက်တာတွေကို စစ်တပ်ရဲ့ ခေါင်းဆောင်များနဲ့ ကျူးလွန်သူအားလုံး တာဝန်ယူကြရလိမ့်မယ်ပဲ ပြောချင်တယ်”လို့ ပြောပါတယ်။
ကောလင်းမြို့ကို ပြည်သူကာကွယ်ရေးတပ်တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်ခဲ့ပြီးနောက်ပိုင်း သုံးလနီးပါးအကြာမှာ စစ်တပ်က အင်အားအများအပြားနဲ့ မြေပြင်စစ်ကြောင်းထိုးကာ ဝေဟင်က လေကြောင်းပစ်ကူအပါဝင် လက်နက်ကြီးပစ်ကူများ အသုံးပြုပြီး ပြန်လည်သိမ်းယူခဲ့ပါတယ်။
အဆိုပါမြို့မှာ စစ်တပ်က အင်တာနက်နဲ့ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားတာ တနှစ် ကျော်အထိရှိနေပြီလို့ သိရပါတယ်။