
စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီး တနှစ်အကြာမှာ စစ်ကောင်စီက လူငယ်ပေါင်း ၂ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တနှစ်အကြာမှာ စစ်ကောင်စီက လူငယ်ပေါင်း ၂၃၇၉၉ ယောက်ကို အဓမ္မဖမ်းဆီးခဲ့တယ်လို့ အမျိူးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရသိရပါတယ်။
စစ်ကောင်စီ အတည်ပြုထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဝင်လုပ်ဆောင်ခွင့်ပြုထားတဲ့ ဥပဒေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။
“အကြမ်းဖက်စစ်အုပ်စုက ပြဋ္ဌာန်းတဲ့ ဥပဒေက စစ်မှုထမ်းဥပဒေထက်စာရင် တရားဝင် ပေါ်တာခေါ်ခွင့်၊ လူငယ်တွေအား ရှေ့တန်းကို မတရား အဓမ္မ လုပ်အားစေခိုင်းဖို့ ခွင့်ပြုတဲ့ ဥပဒေလို့ ပြောနိုင်ပါတယ်။ ကျနော်တို့ အခုတွေ့နေတဲ့ တနှစ်တာအတွင်းမှာ လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မှုတွေ၊ ရှေ့တန်းရောက်တဲ့အခါမှာလည်း လုံလောက်တဲ့ လက်နက်တွေ လေ့ကျင့်မှုတွေ မပေးဘဲနဲ့ တကယ့်ကို အန္တရာယ်ရှိတဲ့နေရာတွေမှာ ထားပြီးတော့ ရက်ရက်စက်စက် သေရင်သေပါစေဆိုပြီး လူသားမိုင်းရှင်းတဲ့ နေရာမျိုးတွေ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေမှာ တမင်သက်သက်ထားတာဖြစ်တယ်။”
တနှစ်တာကာလအတွင်းမှာ စစ်တပ်ဖမ်းဆီးခဲ့တဲ့ လူငယ် ၂ သောင်းကျော်ထဲ မန္တလေးတိုင်း ဒေသမှာထဲ ၄၀၈၂ ယောက်နဲ့ အများဆုံးဖမ်းဆီးခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ၃၈၄၉ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းထဲမှာတော့ ၃၂၇၂ ယောက်နဲ့ တတိယအများဆုံးဖြစ်ပါတယ်။
စစ်မှုထမ်း ဥပဒေအသက်သွင်းတဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ လူငယ်ပေါင်း ၁၅၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး မတ်လမှာတော့ ၁၇၇ ယောက်နဲ့ အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ DVB ဒေတာအဖွဲ့ရဲ့ လေ့လာကောက်ယူထားတဲ့ စာရင်းတွေက ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းဖြစ်စဉ်ကြောင့် လူငယ်တွေ ဆုံးရှုံးခဲ့ရသလို စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ထပ်မံဆုံးရှုံးနေရကြောင်း မန္တလေးဒေသတော်လှန်လူငယ်များ တွေ့ဆုံပွဲ ပြောရေးဆိုခွင့်ရှိသူ ကိုဇင်က ပြောပါတယ်၊
“စစ်ကောင်စီအနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အရာတခုကို လုပ်တယ်လို့ပဲ ကျနော်တို့ ရှုမြင်သုံးသပ်ပါတယ်။ တိုင်းပြည်ထဲမှာရှိနေတဲ့ လူငယ်ထုတွေအနေနဲ့ အင်မတန်ပြုန်းတီးရတယ်၊ ဒီတိုင်းပြည်ထဲမှာ ကျန်နေသေးတဲ့ လူငယ်ထုကိုပဲ သူတို့ နောက်တကြိမ်ထပ်ပြီး ဒုက္ခပေးတယ်ပေါ့။ ဒီစစ်မှုထမ်းအမိန့်ထုတ်ပြန်ပြီးတော့ ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲတဲ့ ပုံစံမျိုးတွေလည်း အများကြီးလုပ်ဆောင်တာ ရှိနေသလို စစ်မှုထမ်းအမိန့်နဲ့ မသက်ဆိုင်ဘဲ ဒေသတွေမှာ လမ်းပေါ်မှာ ရပ်ကွက်တွေမှာ၊ ကျေးရွာတွေမှာ အဓမ္မဝင်ပြီးတော့ ဆွဲခေါ်ဖမ်းဆီးပြီး စစ်သားစုဆောင်းတဲ့ လုပ်ငန်းတွေလည်း အများကြီး လုပ်နေတယ်ပေါ့။”
မန္တလေးသပိတ်အင်အားစု အဖွဲ့ကတော့ ၂၀၂၅ ဇန်နဝါရီလ တလထဲမှာပဲ မန္တလေးမြို့တွင်းမြို့နယ် ၇ ခုက လူငယ်၂၃၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
လူသား မျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့စစ်ကောင်စီကို ILO အပါအဝင် ICC ICJ တို့မှာ တရားစွဲအရေးယူနိုင်ဖို့တွေ ကြိုုးစား လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“လူငယ်ထုတရပ်လုံး အခုဆို နှစ်သောင်းကျော်၊ နောက်ဆို ထပ်ပြီးတော့ ဒီအသက်အရွယ်ကြားမှာရှိတဲ့ လူငယ်တွေ အမျိုးသားတွေ၊ အမျိုးသမီးတွေ အကုန်လုံး ဒီလို ကြုံတွေ့ရမှာ ဖြစ်တယ်။ ဒါက နိုင်ငံတကာ ရာဇဝတ်မှု ဖြစ်တဲ့ လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ရာဇဝတ်မှု Crime and Humanitarian မြောက်တယ်ဆိုတာကို သဘောပေါက်ပြီးတော့ ဒီဟာကို အမြန်ဆုံး တားနိုင်ပြီးတော့ ကျူးလွန်တဲ့ အကြမ်းဖက် စစ်တပ်ကို အရေးယူတဲ့နေရာမှာ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်တဲ့ နေရာမှာဒီကိစ္စကိုလည်းထည့်ပြီး အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။”
အဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခံရင် ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်ပြီး လွတ်မြောက်အောင် အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။
ဇန်နဝါရီ တလအတွင်းမှာပဲ ပြည်သူ့ရင်ခွင်အဖွဲ့က ကယ်ထုတ်နိုင်ခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ် ၃၁ ယောက် ရှိခဲ့ကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလ ၂၃ ရက်မှာတော့ စစ်မှုထမ်းနည်း ဥပဒေကို အတည်ပြု ထုတ်ပြန်ထားပါတယ်။
ဝေဝေ