Home
မြန်မာသတင်း
ရေစကြိုနှင့်မုံရွာ တိုက်ပွဲတွင် စစ်တပ်အရာရှိ ၁ ဦး အပါအဝင် အများအပြားသေဆုံး
DVB
·
February 13, 2025

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။

Southern YSO PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေစကြိုမြို့နယ်အပိုင် ပခန်းမြို့ရဲ့မြောက်ဘက်မှာ ရေစကြိုမြို့အခြေစိုက်တဲ့ ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေ အပါအဝင် အများအပြား သေဆုံးဒဏ်ရာရကြကာ MA3 သေနတ် ၁ လက်၊ MA1 သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Southern YSO PDF တပ်ဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက “တိုက်ပွဲဖြစ်ပွားချိန်ကတော့ ၄၅ မိနစ်လောက် ကြာတယ်။ ကျနော်တို့ မျက်စိရှေ့မှာတင် သူတို့ဘက်က ဒု-ဗိုလ် ၁ ဦး အပါအဝင် ၁၀ ယောက်လောက် သေတယ်ဗျာ။ ပစ်ခတ်မှုစဖြစ်ပြီး သိပ်မကြာခင်မှာဘဲ သူတို့ဘက်က ၂၀၊ ၂၅ လောက်က ပိုးလိုးပက်လက်တွေ ဖြစ်ကုန်ကြတာ မြင်ရတာပဲ။ ကျနော်တို့ဘက်က ကျည်မလောက်တာနဲ့ဘဲ ပစ္စည်းရသလောက်ကောက်ပြီး ပြန်ဆုတ်လာခဲ့ကြတာ။ ဒဏ်ရာရတဲ့ ၁၅ လောက်ထဲမှာ ရင်ဘတ်ကို ကျည်ဖောက်ဝင်သွားတဲ့ ဗိုလ်ကြီးကျော်လင်းဦးနဲ့ ပေါင်ကို ကျည်ဖောက်ထွက်သွားပြီး ဘောကိုလည်း ကျည်မှန်တဲ့ တပ်ကြပ်ကျော်သီဟထွန်းတို့က အခြေအနေမကောင်းလို့ ပခုက္ကူအထိသယ်သွားတယ်လို့ သိရတယ်။ သေဖို့များတယ်။ တိုက်ပွဲမှာ ထူးခြားတာက တချို့စစ်သားတွေ အင်္ကျီတွေချွတ် သေနတ်ထိပ်မှာချီပြီးတော့ ရမ်းပြတယ်။ နောက်ပြီးတော့ ကျနော်တို့ဘက် ပြေးလာကြတယ်။ အဲ့လိုရမ်းပြပြီး ပြေးလာတဲ့သူတွေကို သူတို့ဘက်က အချင်းချင်းပြန်ပစ်ကြတာဗျာ။ သေတဲ့အထဲမှာ သူတို့အချင်းချင်းပစ်လို့ သေကုန်တာတွေလည်း ပါတာပေါ့။ နောက်ဆုတ်ပြန်ပြေးကြတဲ့ သူတွေကိုလည်း တွေ့ခဲ့ရတယ်။ သူတို့ထဲမှာ စိတ်ဓာတ်တွေ ပျက်ပြားနေပြီဆိုတာ ပေါ်လွင်တယ်လေ။ ကျနော်တို့ဘက်ကတော့ အပြင်းအထန်ဒဏ်ရာရတဲ့ရဲဘော် မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကြောင်းပျက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေစကြိုအခြေစိုက် ခလရ ၂၅၈ တပ်ရင်းနဲ့ တောင်အို စစ်ကောင်စီဂိတ်ကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံးအပြင် လက်နက်ကြီးပစ်ကူတွေ ပေးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern YSO PDF (နတ်မိချောင်းစစ်ဆင်ရေး) က ဦးဆောင်ပြီး Southern Local တပ်ပေါင်းစုတွေဖြစ်ကြတဲ့ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင် PDF၊ ဒေါင်းစစ်သည် PDF၊ ပြည်သူ့အားမာန် PDF နဲ့ King Cobra တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ဆက်လက်ပြီး တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ခဲယမ်းတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနီးမှာလည်း စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ဖေဖော်ဝါရီ ၈ ရက် မနက် ၆ နာရီခွဲလောက်က စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စွမ်းရည်ထက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ တောပုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီးအပြန် ကြေးမုံရွာအနီး ရောက်ရှိချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် အနီးကပ် ၃ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာခရိုင် အမှတ် ၁၁ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Peoples Defence South Monywa တပ်ဖွဲ့တာဝန်ရှိသူ ဒေါင်းကာယံက “ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက သွားရောက် တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးအရ သတင်းမထုတ်ပြန်နိုင်ခဲ့ဘူး။ တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်ဘက်က စစ်ကူအင်အားအများအပြား ရောက်လာပြီး လူအင်အား၊ လက်နက်အင်အား မမျှတခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မုံရွာ-မန္တလေးလမ်းပိုင်း အသုံးပြုနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကားတန်းတွေကို ခပ်ဝေးဝေးကနေ ရှောင်ရှားပေးဖို့နဲ့ တိုက်ပွဲဖြစ်ပေါ်လာရင်လည်း ရောက်တဲ့နေရာမှာ ရပ်နေပေးဖို့ တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာတပ်ဖွဲ့ ၂၂၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၄၊ မုံရွာမြို့တပ်နယ် ၄ ရပ်ကျေး ပကဖနဲ့ Braveheart Army Golden Target Force တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013