
ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၁၁ ရက် ညက ပြန်ပြီးတိုက်ခိုက်ခဲ့တာကြောင့် စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲ ပြင်းထန်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်း၊ ကျားမသောက်နဲ့ ရေချမ်းပြင်ကျေးရွာရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို AA က ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းမှာ အမြင့်ကျွန်းစခန်း၊ ကျားမသောက်စခန်းနဲ့ ရေချမ်းပြင် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာရှိတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာကြောင့် နှစ်ဖက်တိုက်ပွဲလို ဖြစ်ခဲ့ကြတာ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ လက်နက်ကြီးပစ်ခတ်မှုတွေက ရှိနေဆဲပဲ။”
အာရက္ခတပ်တော်ရဲ့ အငိုက်ဖမ်း တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိသူတွေ များပြားခဲ့ကြပြီး အဲဒီလူတွေကို ဒကစ (စစ်တွေ)ရှိ ခုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသမှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကြည်းတပ်နဲ့ ရေတပ်စခန်း ၅ ခုထက်မနည်းကို AA က ဖေဖော်ဝါရီ ၇ ရက်ကနေ ၉ ရက်အထိ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ အတွဲဒုံးတွေနဲ့ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့တို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁၆ ရက်ကတည်းက နေ့တိုင်း နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ AA ဘက်က ပြောထားပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ဘာနဲ့ ဒရုန်းတွေကို အသုံးပြုပြီး အာရက္ခတပ်တော် တပ်စွဲထားတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေတာလို့ ဆိုထားပါတယ်။
စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့်လည်း စစ်ကောင်စီက စစ်တွေကို တိုက်ခိုက်ရေးသင်္ဘော ၄ စီး ပို့ဆောင်ပြီး အင်အားဖြည့်တင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ရေးအရ ဖိအားပေးထားတာ ဖြစ်ပါတယ်။