Home
မြန်မာသတင်း
စစ်တွေ၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ရေတပ်သင်္ဘော ၄ စီးဖြင့် အင်အားဖြည့်
DVB
·
February 12, 2025

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၇ ရက်ကနေ ၉ ရက်အထိ အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက စစ်တွေမြို့ကို တိုက်ခိုက်ရေးသင်္ဘော ၄ စီး ထပ်မံပို့ဆောင်ပြီး အင်အားဖြည့်တင်းလိုက်တယ်လို့ မြို့ခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန်က ရေတပ်သင်္ဘော ၂ စီးနဲ့ ကျောက်ဖြူမြို့ ဓညဝတီရေတပ်က သင်္ဘော ၂ စီးတို့ကို စစ်တွေမြို့ဆီ ဖေဖော်ဝါရီ ၉ ရက်မှာ ပို့ဆောင်အင်အားဖြည့်တင်းခဲ့တာဖြစ်ပြီး စစ်တွေ-ပေါက်တော နယ်စပ်နဲ့ စစ်တွေ-ရသေ့တောင် အစပ်အပြင် ဘင်္ဂလားပင်လယ်အော်မှာလည်း ကမ်းလှည့်နေတာတွေရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေက စစ်ကောင်စီတပ်စခန်းတွေကို AA က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက တိုက်ခိုက်ရေးရေယာဉ် ၄ စီးကို ထပ်ပြီး အင်းအားဖြည့်ထားတာ ရှိတယ်။ အဓိကတော့ သူတို့က စစ်တွေမှာ AA ဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာရင် ခုခံမယ့်သဘောနဲ့ အင်အားဖြည့်တာပေါ့။ သူတို့က စစ်တွေကို ကုန်းကြောင်းက ပို့ဆောင်လို့မရတော့တာကြောင့် ရေကြောင်းကို အဓိကထား အင်အားဖြည့်တင်းလာတာဖြစ်တယ်။”

စစ်တွေမြို့မှာ အရင်ကတည်းက ရေတပ်သင်္ဘောကြီးငယ် ၁၀ စင်းထက် မနည်းနဲ့ ကင်းလှည့်နေတာဖြစ်ပြီး လက်ရှိမှာ နောက်ထပ် တိုက်ခိုက်ရေးရေယာဉ် ၄ စီးကို ထပ်မံ အင်အားဖြည့်တင်းလိုက်တာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့မှာရှိတဲ့ ရွှေမင်းဂံရေတပ်၊ ပွိုင့်ကမ်းခြေအနီးရေတပ်၊ အမှတ် ၁၂ ရဲတပ်ရင်း၊ ပါဒလိတ်အခြေစိုက် တပ်ရင်းတွေနဲ့ အမြင့်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၇ ရက်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်ရင်းတွေမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ရင်းတွေကို အကြီးစားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မိသားစုဝင်တွေကို ရန်ကုန်ဘက် ရွှေ့ပြောင်းပေးနေတာရှိတယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

“စစ်တွေမှာ စစ်ကောင်စီတပ်ရင်းတွေ တပြိုင်နက်တည်း တိုက်ခိုက်ခံရတာမှာ စစ်ကောင်စီက တော်တော်လေးကို ထိတ်လန့်သွားပုံရတယ်။ အဲဒါကြောင့် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက ဝန်ထမ်းမိသားစုဝင်တွေ ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေကြတာရှိတယ်။ တပ်မိသားစုဝင်တွေက အရင်ကတည်းက ကြိုပြောင်းထားကြတာ။ မြို့တွင်းမှာလည်း မရှိဆင်းရဲသားတွေနဲ့ ရွာတွေက အတင်းရွှေ့ပြောင်းခံထားရတဲ့ သူတွေလောက်ပဲ ရှိတော့တယ်။”

စစ်တွေမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေကလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား နှစ်ဖက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ကြပြီး စစ်ကောင်စီဘက်က ဝါဘိုကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် နှစ်ဖက်ပစ်ခတ်မှု ငြိမ်သက်နေရာကနေ ဖေဖော်ဝါရီ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်ကြာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပြီး လက်ရှိမှာ ပြန်လည်ငြိမ်သက်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြိုနယ်နဲ့ စစ်တွေမြို့နယ်အစပ်မှာ နှစ်ဖက် စစ်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013