Home
မြန်မာသတင်း
စစ်တွေတွင် ပစ်ခတ်မှုများ ဆက်ဖြစ်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်
DVB
·
February 11, 2025

စစ်ကောင်စီတပ်အင်အား အခိုင်အမာဖြည့်တင်းထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေလို့ ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဒါပေမဲ့ ဒေသခံတချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ မြို့တွင်းမှာ ဆက်လက်နေထိုင်နေကြရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက် အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေ စတင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် ငွေကြေးတတ်နိုင်တဲ့ စစ်တွေက ဒေသခံတချို့ကတော့ အခုရက်ပိုင်းအတွင်း ရန်ကုန်ဘက်ကို ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်ခဲ့ကြပါတယ်။

စစ်တွေမြို့တွင်းမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အခြေခံ လက်လုပ်လက်စားသမားတွေနဲ့ စစ်တွေမြို့နယ် အနီးတဝိုက် ကျေးရွာတွေက စစ်ဘေးလာရှောင်ကြတဲ့သူတွေပဲ ကျန်ခဲ့ပြီး မြို့တွင်းမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဆက်လက်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်တွေဒေသခံတယောက်က “စစ်တွေကနေ ရန်ကုန်သွားတဲ့သူတွေက လေယာဉ်မှာ အပြည့်ပါပဲ။ ရန်ကုန်က ပြန်လာတဲ့သူပဲ သိပ်မရှိတာပါ။ နေ့တိုင်း စိုးရိမ်ကြောင့်ကြနေရတယ်။ ဘယ်အချိန် ဘာထဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။ လက်နက်ကြီးပစ်တယ် ဆိုပြီး ဘယ်ဘက်ကိုပစ်လို့ ပစ်မှန်း မသိပါဘူး။ ဦးတည်ချက်မရှိဘဲ ပစ်နေတာဆိုတော့ ကျီးလန့်စာ စားနေရသလိုပါပဲ။ နေ့တိုင်းလိုလိုပါ၊ ကောင်းကောင်းမအိပ်ရ၊ ကောင်းကောင်းမစားရ၊ ဒုက္ခအမျိုးမျိုး ကြုံနေရတယ်။ ရန်ကုန်မှာလည်း ဧည့်စာရင်းစစ်တယ်၊ ဖမ်းတယ် ဆီးတယ်ဆိုတော့ အိမ်ကမိဘတွေကလည်း မခေါ်ရဲတော့ဘူး။ အစကတော့ ရန်ကုန်ကိုသွားမလို့ပါ။ ဟိုမှာလည်း အဖမ်းအဆီးတွေရှိတယ်၊ သွားလာရတာလည်း အဆင်မပြေဘူးဆိုတော့၊ ဒီမှာကျ နေ့ခင်းကျ ပြဿနာမရှိဘူးလေ။ ကိုယ့်ပြည်ကိုယ့်ရွာဆိုတော့ ဒီမှာပဲ နေတော့မှာပါ” လို့ ပြောပါတယ်။

AA က ကျောက်တော်မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိပြီးချိန်ကစပြီး စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို ပြည်မဘက်ကို ပြောင်းရွှေ့သွားတယ်လို့ စစ်တပ်အသိုက်အဝန်းက ပြောပါတယ်။

စစ်တွေမြို့ အဝင် အထွက်တွေမှာ ကုန်းကြောင်း၊ ရေကြောင်းပါမကျန် စစ်ကောင်စီဂိတ်တွေက ပိတ်ဆို့ထားပြီး စစ်တွေမြို့ထဲမှာတောင် သွားလာခွင့် ကန့်သတ်ထားတဲ့နေရာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက စစ်တွေမြို့ရဲ့ အထပ်မြင့်အဆောက်အအုံတွေမှာ စစ်တပ်က နေရာယူထားတာတွေ ရှိနေသလို စာသင်ကျောင်းတို့၊ တက္ကသိုလ်တွေမှာလည်း စစ်တပ်က အရပ်ဝတ်တွေနဲ့ တပ်စွဲ နေထိုင်နေတာတွေ ရှိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

စစ်တွေဒေသခံက “ကလေးတွေကို‌လည်း ကျောင်းပို့ရမလား မပို့ရဘူးလား စိုးရိမ်နေရတယ်။ ကျောင်းတွေက ပုံမှန်ဖွင့်ထားဆဲပါ။ ကလေးတွေကလည်း ပုံမှန်အတိုင်း ကျောင်းတက်နေရပါတယ်။ ပစ်ခတ်သံတွေကြားရင်တော့ စိတ်ပူပြီး ကျောင်းရှေ့နားမှာ ထိုင်စောင့်နေရတာပေါ့။ ပစ်ခတ်သံတွေ မကြားရင်တော့ ပြန်လာကြတယ်။ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတဲ့အချိန် ဆိုရင်တော့ စိတ်ပူပြီး ကျောင်းကနေ ပြန်ခေါ်လာတာတွေ ရှိပါတယ်။ သူတို့ကလည်း စာမေးပွဲတွေရှိနေတော့ ရန်ကုန်ပြန်သွားလို့လည်း မရသေးဘူးလေ။ သူတို့ စာမေးပွဲတွေ မစစ်ရသေးခင် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်။ ကလေးတွေနဲ့ကျတော့ တိုက်ပွဲတွေဖြစ်လာရင် ပြေးရလွှားရတာလည်း အဆင်မပြေဘူးလေ။ သူတို့ စာမေးပွဲပြီးရင်တော့ ရန်ကုန်ကိုပဲ ရှောင်ရမှာပေါ့။ ခုက စိုးရိမ်ကြောက်လန့်နေလည်း နေနေရတာပါပဲ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်အနီး စစ်တွေ ကမ်းနားလမ်းမှာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်မှု ရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်တွေမြို့ မကျရှုံးရေးအတွက် လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ အပြင်းအထန် ခုခံကာကွယ်နေပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024