Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြု၊ ၁,၈၀၀ ကျော် အကူအညီလိုအပ်နေ
DVB
·
February 10, 2025
Photo: နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးပေးရေးအဖွဲ့
Photo: ဘန်းလမွတ် မီးရှို့ခံရစဥ်

တနင်္သာရီမြိုနယ်မှာ စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီဘက်က အရပ်သားတွေကို စစ်ဆင်ရေး ဖော်ဆောင်ရာမှာ လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ကိုစတားက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုအချိန်အထိ တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဘက်က တနင်္သာရီ-မောတောင် လမ်းပိုင်းဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကိုပါ လူသားတံတိုင်းအဖြစ် အသုံးချနေတာလို့ တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ကိုစတားက ပြောပါတယ်။

“စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့ နေရာတိုင်းမှာ လူသားတံတိုင်းပုံစံကတော့ အမြဲတမ်း အသုံးပြုလေ့ရှိတယ်။ တနေရာနဲ့ တနေရာ သွားလာတဲ့အခါမှာလည်း အဲဒီရွာသားတွေကို သူတို့ ကာဗာယူပြီးတော့ ခေါ်ဆောင်သွားတဲ့ဟာတွေက ပုံမှန်လုပ်နေကျအလုပ် ဖြစ်နေတယ်။ အခုနောက်ပိုင်း ပိုပြီးဆိုးဝါးလာတာကတော့ ရွာတွေမှာ မီးရှို့တာပါ။ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း တနင်္သာရီဘက်မှာရှိနေတဲ့ ထုံမခါရွာမှာဆိုလည်း ရွာသားတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့မီးရှို့တာလည်း သူတို့တောက်လျှောက်လုပ်ခဲ့တယ်။”

ဖေဖော်ဝါရီ ၃ ရက်နေ့က ထုံမခါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းမှလည်း နေအိမ် ၆ ဆောင် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းက သူတို့ (စကစ) တွေက ထုံမခါလမ်းကို ဝင်လာတာပေါ့။ ထုံမခါလမ်းက ဝင်လာတော့ ကော်ပတ်(ရာဘာ)ချက်နေတဲ့ ရွာသား ၃ ဦးကို ဖမ်းထားပြီး လမ်းပြခိုင်းတာ အခုချိန်အထိ ပြန်မလွတ်သေးဘူးလို့ ကြားတယ်။ ပြီးတော့ ထုံမခါရွာထဲမှာရှိတဲ့ နေအိမ်တွေကိုလည်း မီးရှို့သွားကြတယ်။ တချို့ဆို အိုးအိမ်မဲ့တွေ ဖြစ်ကုန်တော့ ဥယျာဥ်ခြံတွေထဲမှာ သွားပြီးတော့ ရှောင်နေရတာတွေရှိတယ်။ သူတို့က လူနေအိမ်တွေကို မီးရှို့တာတွေ၊ အရပ်သားတွေကို ဖမ်းပြီးတော့ လမ်းပြလုပ်တာတွေရှိတယ်။ အဲဒီလိုမျိုး စစ်ရေးဥပဒေချိုးဖောက်တာမျိုး ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီဘက်က တပ်ဖြန့်ပြီးပြန်ဆုတ်ချိန် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာရှိ အရပ်သားနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် တနင်္သာရီ-မောတောင် ကားလမ်းပိုင်းက ကျေးရွာ ၄ ရွာမှာ အရပ်သားပြည်သူ ၁,၈၀၀ ကျော်ဟာ တိုက်ပွဲကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်တွေမှာ ဖြစ်သလို စားသောက် နေထိုင်နေကြရပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီက သိရပါတယ်။

အဆိုပါကားလမ်းပိုင်းက သိန်ခွန်း၊ သဲဖြူ၊ ချောင်းနှစ်ပေါက်နဲ့ ထုံခါးကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်ကစပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁,၈၀၀ ကျော်ဟာ အိုးအိမ်တွေစွန့်ခွာပြီး နီးစပ်ရာ တောတောင်တွေမှာ မိသားစုအလိုက် ထွက်ပြေးကာ အခုချိန်ထိ ကြုံသလို နေထိုင်နေကြရတယ်လို့ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့ဝင်တယောက်က ဆိုပါတယ်။

“သူတို့ရှောင်နေရတဲ့နေရာက တိုက်ပွဲနဲ့နီးကပ်တယ်။ ဝေးဝေးရှောင်နေမယ်ဆိုရင် သူတို့အတွက် အဆင်မပြေဘူး။ အနီးအနားရွာတွေက လူတွေ၊ အသိမိတ်ဆွေတွေလည်း နည်းနည်းပါးပါး လာပေးကမ်းတာမျိုး ရှိတယ်။ တောတောင်ထဲကို အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြတော့ သိန်ခွန်းကလူတွေဆို သူတို့မှာ ပိုင်ဆိုင်မှုတွေ ဘာတခုမှ သယ်လာလို့ မရခဲ့ဘူး။”

အဆိုပါ လနဲ့ချီပြီး စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေရပြီး ညဘက်တွေမှာ ရာသီဥတု‌ဒဏ်ကြောင့် အဆုတ်ပွခြင်း၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုးတာ စတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေကို ကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

“တောထဲမှာဆို ကလေးတွေပါ မြေကြီးတွေပေါ်မှာ အိပ်ရတယ်။ ကွမ်းခက်တွေခင်းပြီး အိပ်ကြရတယ်။ အမိုးရှိပြီး အခင်းမရှိဘူး၊ အခုက ညဘက်အေးတော့ ကလေး လူကြီး အကုန် အဆုတ်ပွပြီး ကိုက်ခဲညောင်းညာတာတွေ ရက်တိုင်းဖြစ်တယ်။ နေ့ဘက်ပူပြီး ညဘက်အေးတော့ အပူတွေ အငွေ့ပျံပြီး ကျန်းမာရေး ထိခိုက်တာပါ။”

တိုက်ပွဲဖြစ်တဲ့ အစောပိုင်းတည်းက စစ်ကောင်စီတပ်သားတွေဟာ သိန်ခွန်း၊ ချောင်းနှစ်ပေါက် ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲပြီးတော့ အခုချိန်ထိ ကားလမ်းပိုင်းမှာ နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်တဲ့အတွက် နေရပ်ပြန်လို့ မရသေးတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တောတောင်တွေမှာ စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူ ၁,၈၀၀ ကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေကြပြီး ဆက်လက်နေထိုင် ရပ်တည်ကြဖို့အတွက်လည်း အခက်အခဲ ရှိနေကြတယ်လို့လည်း ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013