Home
မြန်မာသတင်း
ဝက်လက်နှင့် စလင်းတွင် စစ်တပ် မီးရှို့သဖြင့် အိမ်ခြေ ၁၃၀ ကျော်ဆုံးရှုံး၊ ရွာသား ၁ ဦး အသတ်ခံရ
DVB
·
February 10, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ အထိုင်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာသစ်ရွာကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၃ နာရီကျော်လောက်မှာ  မီးရှို့ဖျက်ဆီးပြီး ရွာသားတယောက်ကို သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းက မထင်မှတ်ဘဲ ဝင်တာဗျ။ အဲဒီလိုဝင်လာတော့ ဘာမှမယူနိုင်ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတယ်။ တိုက်ပွဲလည်း မရှိဘဲနဲ့ကို  ရွာလာပြီး မီးရှို့သွားတာ။ အဲဒီလို မီးရှို့ပြီး ရှိမ်းမကားရွာကို ပြန်ထွက်သွားတယ်။ သူတို့ ပြန်ထွက်သွားပြီး ကျနော်တို့ ရွာထဲပြန်ဝင်ပြီး မီးငြှိမ်းသတ်တဲ့အခါ ရွာသားတဦးကိုလည်း သတ်ထားခဲ့ကြတယ်။ တချို့ရွာသားတွေလည်း အသက်လု ထွက်ပြေးကြရတာဆိုတာ့ သူတို့နဲ့တန်းတိုးပြီး ဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ လူဦးရေ အတိအကျတော့ မပြောနိုင်သေးဘူးရယ်” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

စစ်တပ်က ရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၁၃၀ ကျော်နီးပါး မီးလောင်ဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း ဗိုလ်ကျားကြီးအဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ကျားကြီးက “လက်နက်မရှိတဲ့ ပြည်သူအများနေတဲ့ ရွာကို အခုလို အလစ်အငိုက်ဝင်ပြီး တိုက်ခိုက်တာကတော့ သူရဲဘောကြောင် တဲ့ လုပ်ရပ်ပါဗျ။ သူတို့ရဲ့ လော်ဘီတွေဘက်ကလည်း ကျနော်တို့ တော်လှန်ရေးအဖွဲ့စခန်းတွေကို အတိအကျ သတင်းတင်နေတာပဲ။ ကျနော်တို့ရှိတဲ့ နေရာကို လာတိုက်ပါလား။ အဲဒီလိုကျတော့ မတိုက်ရဲဘဲ လက်နက်မရှိတဲ့ အရပ်သားတွေနေတဲ့ရွာကို ဝင်စီးနင်းပြီး တိုက်တာကတော့ လူမဆန်တဲ့ လုပ်ရပ်ပါ။ ရွာထဲကနေ မိတဲ့သူတွေကို ရိုက်နှက်ပြီး PDF လို့ ဝန်ခံခိုင်းပြီး သူတို့ အထက်လူကြီးတွေကို သတင်းမဟုတ်တရုတ် တင်ကြဦးမှာ သေချာတယ်။ သတ္တိရှိရင် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတဲ့နေရာကို လာတိုက်လှည့်ပါ။ ရွာကို မီးရှို့ပြီး ကျနော်တို့ ပြည်သူကာကွယ်ရေးတပ်တွေ လာနေပြီဆိုတာလည်းသိရော သူတို့ ခွေးခြံရှိတဲ့ ရှိမ်းမကား စခန်းဘက်ကို ပြာပြာသလဲ နောက်ဆုတ် ပြေးကြတယ်” လို့ ပြောပါတယ်။

ရွာသစ်ကျးရွာဟာ စစ်တပ်အခြေစိုက်ရာ ရှိမ်မကားရွာနဲ့  မြောက်ဘက် တမိုင်နီးပါးခန့်သာ  ဝေးကွာတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ အုန်းတောရွာကိုလည်း စစ်တပ်က ဖေဖော်ဝါရီ ၉ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ပွင့်ဖြူကနေ ကံပြားစခန်းကို ရောက်တယ်။ ဒီနေ့မနက်ခင်း ၉ နာရီမှာ ကံပြားစခန်းက နေထပ်ပြီး စစ်ကြောင်းထိုးလာတာကနေ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်တယ်ဗျ။ အဲဒီလိုတိုက်ပွဲဖြစ်ပြီး သူတို့ဘက်က အကျဆုံးများပြီး ရွာကို မီးရှို့တာ ဖြစ်လိမ့်မယ်ဗျ” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် အုန်းတောရွာ အပါအဝင် မြောင်းကြားရွာ၊ လေးရွာ၊ သစ်ခွံ စတဲ့ ကျေးရွာက ပြည်သူတွေ နေရပ်စွ့န်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

စလင်းမြို့နယ် ပအဖရဲ့ သတင်းနဲ့ပြန်ကြားတာဝန်ရှိသူ အောင်ဆန်းက “အုန်းတောရွာကို စစ်တပ်က အခုထိ မီးရှို့နေပါတယ်ဗျ။ စစ်တပ်က ရွာထဲကနေ မထွက်သေးဘူးဗျ။ အဲဒီလို မထွက်သေးတော့ မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေအတွက်ကိုလည်း အတိအကျ ပြောလို့မရသေးဘူး။ မီးရှို့တဲ့ စစ်တပ်က ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းက စစ်သားတွေနဲ့ ပွင့်ဖြူဘက်ကပါတဲ့ ပျူစောထီးတွေက ရွာကို မီးရှို့နေတာပါ” လို့ ပြောပါတယ်။

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်အတွင်းက အုန်းတောရွာမှာ အိမ်ခြေ ၂၀၀ နီးပါရှိပြီး တိုက်ပွဲကြောင့် ဒေသခံအရပ်သား ၆၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013