
စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် ၇၄ သံချပ်ကာတပ်ရင်းက ဗိုလ်ကြီးတယောက် အလင်းဝင်ရောက်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး ပကဖ) က ဖေဖော်ဝါရီ ၉ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင် အမှတ် ၇၄ သံချပ်ကာတပ်ရင်းက ဗိုလ်ကြီးအောင်ဟိန်းထက် (ကြည်း ၅၃၁၂၃) အလင်းဝင်လာတဲ့တာဖြစ်ပြီး ရက်စွဲ အတိအကျကို လုံခြုံရေးအခြေအနေကြောင့် မထုတ်ပြန်တာလို့ ရေဦး ပကဖ ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဆီကို အလင်းဝင်လာတဲ့ ဗိုလ်ကြီးအောင်ဟိန်းထက်က သူ့ရဲ့ လုံခြုံရေး အနေအထားကြောင့် လက်နက်ယူမလာနိုင်ခဲ့ပါဘူး။ သူတို့ တပ်တွင်းထဲမှာ အထက်ဖား အောက်ဖိ ကြီးနိုင်ငယ်ညှဉ်း လုပ်နေတာတွေ မခံနိုင်တော့တာရယ် ပြည်သူအပေါ် စစ်တပ်ရဲ့လုပ်ရပ်တွေကို မကြိုက်တော့တာရယ်ကြောင့် အလင်းဝင်လာတာလို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရေဦးမြို့နယ် ပကဖ ဆီကို စစ်တပ်ဘက်က အရာရှိတွေ အပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်အထိ အလင်းဝင်ရောက်လာပြီ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရေဦးမြို့နယ်ထဲက ကျေးရွာအားလုံးနီးပါးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်နေပြီး ရေဦးမြို့ပေါ်မှာသာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ တပ်စွဲနေကြတယ်လို့လည်း ရေဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။