
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ ထိုင်းနိုင်ငံဘက်ကို ကမ်းကူးဝင်ရောက်ဖို့ လုပ်တဲ့ လူအယောက် ၆၀ လောက်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့လို့ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင်မှာ ထောင်ခမတ်အုပ်စု၊ တောင်ဒဂုံဆီအုန်းပိုင်နက်က သင်္ချိုင်းတခုမှာ လူအယောက် ၆၀ လောက်ရောက်နေတာကို ထောင်ခမတ်အုပ်ချုပ်ရေးအဖွဲ့က သတင်းရရှိတာကြောင့် ဘုတ်ပြင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီး လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
လာရောက်ဖမ်းဆီးတုန်းမှာ ထွက်ပြေးတာကြောင့် သေနတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အသက် ၂၀ ကျော်အရွယ် လူငယ်တယောက် ကျည်ထိမှန်သေဆုံး၊ ၆ ယောက်က ဒဏ်ရာရတယ်လို့ ဘုတ်ပြင်းဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ဒီလူတွေက ဟိုဘက်ကမ်းကို ကူးမဲ့သူတွေပါ။ ဘုတ်ပြင်းပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထွက်လာတာပါ။ ထောင်ကမင်ဘက်က အုပ်ကြီးတွေကသတင်းရပြီးတော့ ရဲတွေနဲ့ စစ်သားတွေကို သတင်းပို့လိုက်တယ်။ ဘုတ်ပြင်းကိုသတင်းပို့လိုက်တော့ ဆင်းလာဖမ်းတယ်လို့ သတင်းရတယ်။ ဆေးရုံရောက်တော့ တယောက်သေတယ်။ တယောက်ကလည်ပင်းမှာ ဒဏ်ရာရတယ်။ ကျန်တဲ့ ၅ ယောက်က ခြေလက်တွေထိတော့ မစိုးရိမ်ရဘူး၊ အမျိုးသားတွေပဲ” လို့ ပြောပါတယ်။
ဒဏ်ရာရသူ ၆ ယောက်ကို ဘုတ်ပြင်းဆေးရုံမှာကုသနေပြီး လည်ပင်းကိုကျည်ထိမှန်တဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသားကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ သူက ဆိုပါတယ်။
အခင်းဖြစ်နေရာမှာဖမ်းမိတဲ့ လူအယောက် ၅၀ ကျော်ထဲမှာ အသက် ၈ နှစ်အရွယ်ကလေး ၁ ယောက်နဲ့ အမျိုးသမီးတွေလည်းပါဝင်ပြီး ဘုတ်ပြင်းမြို့ အားကစားရုံမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။