
ကယား(ကရင်နီ)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် စစ်ဘေးရှောင်တယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ဖေဖော်ဝါရီ ၇ ရက် မနက်မှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး သေဆုံးသူက ထမင်းဆိုင်ပိုင်ရှင် ဒေါ်အေးသင် ဖြစ်တယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“အဲထမင်းဆိုင် စစ်ရှောင်တွေ ဖွင့်ထားတာဖြစ်တယ်။ ဆိုင်ကယ်တစီးလည်း ပျက်စီးသွားတယ်။ စစ်ရှောင်တဲ ၅ ခုက အလုံးစုံပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲကို လာကြဲတာ။”
Karenni Hope မှ တာဝန်ရှိသူတယောက်က "အတိကျတော့ မသိရသေးဘူးဗျ။ ခုလောလောဆယ် တယောက်သေတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်မှာ ၂၀၂၅ ခု ဇန်နဝါရီ တလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှု နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ထုတ်ပြန်ထားပါတယ်။