Home
မြန်မာသတင်း
နောင်ချို သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
February 6, 2025
Photo: ကိုထွန်းနိုင် (DPLA)/ PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ သပြေတောင် ဘုရားကုန်းကို ဖေဖော်ဝါရီ ၆ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသား တယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီမနက် ၁၀ နာရီ မိနစ် ၂၀ မိနစ်လောက်မှာ သပြေတောင် ဘုရားကုန်းပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့  ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကြံကားမောင်းနှင်လာသူ အသက် ၃၀ နှစ်ရှိ  စိုင်းလှဦးကို ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့  TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချသွားတာဖြစ်ပြီး သပြေတောင် ဘုရားကုန်းက ဘိုးဘွားရိပ်သာဘက် ကျရောက်ခဲ့တာလို့ ဒေသခံ တယောက်က ပြောပါတယ်။

“တဦးတော့ ဗုံးစမှန်တယ်တဲ့ မစိုးရိမ်ရဘူးတဲ့ရှင့်။ ဘုရားကုန်းပေါ်က ဘိုးဘွားရိပ်သာကိုပါ။ လူထိတာက အရပ်သားလား ဆိုတာတော့ မသိဘူး။”

ဒီနှစ်ထဲ နောင်ချိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ဇန်နဝါရီ ၂၁ ရက်က ၁ ဦ‌သေဆုံး၊ ၂ ဦး ဒဏ်ရာတာအပါအဝင် စုစုပေါင်း ၂၀ လောက် သေဆုံးကာ  အများအပြား  ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချို ဒေသခံတယောက်က “အရင်လ ဇန်နဝါရီ ၂၂ ရက်နေ့ ပြီးကတည်းက ဒီလထဲတော့ ဒါပထမဆုံးပါပဲ။ အရင်လက ၂ ကြိမ်ဖြစ်လိမ့်မယ်။ ဇန်နဝါရီလ ၂၁ နဲ့ ၂၂ နှစ်ရက်ဆက်တိုက်။ ဇန်နဝါရီ ၂၂ ရက်နေ့ ပါရမီလက်ဖက်ရည်ဆိုင်ကိုကြဲတာ သေဆုံးမှု အများဆုံးပဲ” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်နေရာတွေဘက် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် လေကြောင်း တိုက်ခိုက်မှု မရှိတော့ပေမဲ့ TNLA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုတော့ မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024