
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေတယ်လို့ မြို့ခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ် ကျားမသောက်၊ တောကန်နဲ့ ဝါဘိုအနီးမှာ ဖေဖော်ဝါရီ ၃ ရက်ကစပြီး ၅ ရက် ညနေပိုင်းအထိ သေနတ်ပစ်ခတ်သံတွေ ကြားရသလို စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းဘက်ကလည်း လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။
“လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ပြန်ကြားလာရတယ်။ ကျားမသောက်၊ တောကန်နဲ့ ဝါဘိုတို့ဘက်က သေနတ်ပစ်ခတ်သံတချို့ ကြားရပြီးတော့ စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းဘက်ကလည်း လက်နက်ကြီးပစ်ခတ်မှုတွေကို ပြန်ပြီးကြားလာရတယ်။ မြို့တွင်းမှာတော့ ထူးထူးခြားခြား မရှိပေမဲ့ ပစ်ခတ်သံတွေ ပြန်ထွက်လာတာကြောင့် သတိထားပြီးတော့ နေကြရတယ်။”
စစ်တွေမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၈ ရက်အတွင်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့သလို AA ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းနဲ့ စနိုက်ပါပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်မှာစစ်ကောင်စီက အာရက္ခတပ်တော် အခြေစိုက်နေထိုင်တဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲသလို AA ကလည်း စနိုက်ပါတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းနေတယ်လို့ မြေပြင်အခြေအနေကို သိရှိသူကပြောပါတယ်။
“မြေပြင်မှာက နေ့တိုင်းလိုလို ပစ်ခတ်မှုရှိကြတယ်။ အထူးသဖြင့် စစ်ကောင်စီက ဒရုန်းတို့၊ စနိုက်ပါတို့က စပြီး လာပစ်ခတ်တာကြောင့် AA ဘက်ကလည်း စနိုက်ပါ ပြန်ထောက်ပြီး ပစ်ခတ်တာတော့ ရှိတယ်။ မြေပြင်မှာက နယ်မြေစိုးမိုးမှုအရ သူတရွာ ကိုယ်တရွာဆိုတော့ နီးနီးလေးပဲလေ။ ဒီရက်ပိုင်းမှာ စစ်ကောင်စီက အထိနာလာတာကြောင့် လက်နက်ကြီး ပစ်ခတ်မှုတွေပါ ပြုလုပ်လာတယ်” လို့ ပြောပါတယ်။
စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ AA တို့အကြား အပြန်အလှန် စစ်ဆိုင်ထားကြတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၇ ရက် AA ရဲ့ ထုတ်ပြန်ချက်တွေအရလည်း စစ်တွေမြို့နယ်မှာ နေ့တိုင်းလိုလို စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တယ်လို့ ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ပြီး AA က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်က မြို့နယ် ၃ ခုကို ဝန်းရံပိတ်ဆို့ထားပြီး ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းတို့ကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။