Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲအတွင်း စစ်မှုထမ်းသင်တန်းဆင်း အများအပြားသေဆုံး 
DVB
·
February 6, 2025

စစ်ကောင်စီ ထိုးစစ်ဆင်နေတဲ့ မိုးဗြဲမြို့မှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်မှုထမ်းသင်တန်းဆင်းထားသူတွေ အများဆုံး သေဆုံးကြတယ်လို့ ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီဟာ ရှမ်း-ကယား(ကရင်နီ) အစပ် မိုးဗြဲဒေသကို ထိန်းချုပ်ဖို့ ဇန်နဝါရီလကစပြီး သူတို့ရဲ့ ခမရ ၄၂၂ တပ်က အခြေပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်အတွက်ကော မိုးဗြဲက စစ်ရေးအရ အရေးပါတဲ့နယ်မြေ ဖြစ်တဲ့အတွက် ကြိုးစားနေကြတာပဲ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက် တနေ့တာလုံး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကာ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြေပြင်သတင်းရင်းမြစ်က “အရမ်းကြမ်း၊ မနေ့က တနေကုန် တိုက်ပွဲဖြစ်နေတာ၊ စကစက စစ်ကြောင်းထိုးနေတုန်း၊ သူတို့ဘက် သေတာများတယ်ဗျာ့” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ များနေသလို ကရင်နီတပ်ပေါင်းစုဘက်ကလည်း အထိအခိုက် အကျအဆုံးတွေ ရှိပေမဲ့ စစ်ကောင်စီဘက်က အကျအဆုံး များနေသူတွေဟာ စစ်မှုထမ်းသင်တန်းဆင်း အများဆုံးပဲလို့ ကရင်နီတော်လှန်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။

“မနေ့က တိုက်ပွဲအတွင်း သေဆုံးသူတွေက စစ်သားအဟောင်းတွေ နည်းတယ်။ အများဆုံးက စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၆ က လူငယ်တွေ များတယ်။ သူတို့ဆီက သင်တန်းဆင်း အထောက်အထားတွေလည်း သိမ်းဆည်းရမိထားတယ်။”

ဇန်နဝါရီ တလလုံး ကရင်နီရဲ့ လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်း၊ မိုးဗြဲ၊ ဆီဆိုင်တို့မှာ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးကာ ၁၀ ယောက် လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီက မြေပြင်အင်အား အများအပြား အသုံးပြုနေသလို လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေကို အများအပြား အသုံးပြု တိုက်ခိုက်နေပေမဲ့ သူတို့ဘက်ကသာ အထိအခိုက်များပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့ကတက်ခိုင်းပြီး ထိုးကျွေးနေတာ။ သူတို့က အတွေ့အကြုံမရှိ၊ နယ်မြေမကျွမ်းကျင်တဲ့သူတွေ များတယ်။ အဓိကက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အားကိုးနဲ့ တက်လာတာ” လို့ ကရင်နီသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲတိုက်ပွဲအတွင်း လွိုင်ကော်မြို့ကနေ လက်နက်ကြီးပစ်ကူပေးနေသလို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒီလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၇ ယောက် သေဆုံးကာ ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှု၊ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ပြည်သူနေအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013