
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်း ၁၂ နာရီ ၅၇ မိနစ်လောက်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆူးလေကုန်းစံပြရွာသားတယောက်က “ကျနော်တို့ရွာမှာ ဘာစစ်ကြောင်းမှ မရှိသလို ဘာတိုက်ပွဲမှမရှိဘူး။ ရွာမှာတော့ PDF ရဲဘော်တဦးနဲ့ မင်္ဂလာဆောင်မယ့်ပွဲတခုတော့ ရှိတယ်။ အဲဒါကို လာပစ်တာလားတော့ မသိဘူး။ မင်္ဂလာဆောင်လုပ်မယ့်ရက်က လိုပါသေးတယ်။ ဗုံးကြဲပြီး ပစ်တဲ့အချိန်တွေက ၁၂ နာရီ ၅၇ မိနစ်မှာ ဗုံးသီးတလုံး၊ ၁ နာရီ ၁၂ မိနစ်မှာ တလုံး ပစ်သွားတယ်ဗျ။ ပထမဆုံးချတဲ့ ဗုံးသီးက ဘုန်းကြီးကျောင်းကို ချသွားတာ။ ဘုန်းကြီးကျောင်းက ကားတစီးနဲ့ မုခ်ဦး၊ အုတ်တံတိုင်း၊ ကျောင်းဆောင် ပျက်စီးတယ်ဗျ။ ဒုတိယအကြိမ်ချတဲ့ ဗုံးသီးက ရွာရဲ့ အနောက်မြောက်ပိုင်း ပရိဘောဂလုပ်တဲ့အိမ်ကို ချသွားတာ။ အဲဒီမှာက ဘုတလင်မြို့နယ်၊ ရွာမွန်ရွာကနေ အလုပ်လာလုပ်တဲ့ အမျိုးသားတဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ပထမဆုံးအကြိမ် ဗုံးကြဲ ပစ်ခတ်တာဖြစ်ပြီး ဆူးလေကုန်းရွာ ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။
ကနီမြို့နယ် ပကဖ အဖွဲ့ဝင် ဦးနိုင်မျိုးဝင်းက “မုံရွာ နမခစစ်တပ်အတွင်း ဒီလေယာဉ်တွေ စရောက်ပြီ ဆိုကတည်းက ကျနော်တို့ဆီ သတင်းရောက်တယ်ဗျ။ သူတို့ မနေ့ညက လေယာဉ်စတက်လာကတည်းက ချင်းတွင်းမြစ်ကြောင်းတလျှောက်ကနေ စမောင်းလာတာဗျ။ အဲလိုမောင်းလာပြီး ဆူးလေကုန်းရွာကို သွားချတာဖြစ်တယ်” လို့ ပြောပါတယ်။
ဆူးလေကုန်းရွာဟာ ကနီမြို့နဲ့ ၄ မိုင်ကျော်ကျော်ဝေးပြီး ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာ တည်ရှိကာ အိမ်ခြေ ၁,၀၀၀ နီးပါးခန့်ရှိတဲ့ စံပြကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။