
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချောင်းဦး-မြင်းမူ လမ်းမကြီးပေါ်က ငွေကမ္ဘာမင်း စက်သုံးဆီဆိုင်အနီးမှာ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ ပါ စစ်ကြောင်းက စစ်ကြောင်းထိုးလာတာကြောင့် ဒရုန်းနဲ့ လိုက်လံ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Rayal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “နမခထဲက သံပြားကာထားတဲ့ စစ်ကားတွေ ထွက်လာတယ်ဆိုတာ သတင်းရလို့ မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ မိုင်းခွဲ တိုက်ခိုက်နေတဲ့အချိန်မှာပဲ တခါ အင်အား ၃၀ ပါ စစ်ကြောင်းက ချောင်းဦး-မြင်းမူ လမ်းမကြီးပေါ်မှာရှိတဲ့ ငွေကမ္ဘာမင်း စက်သုံးဆီဆိုင်နားမှာ ခရီးသွားပြည်သူတွေကို စစ်ဆေးပြီး ငွေကြေးတောင်းယူတာတွေ လုပ်နေတဲ့သတင်း ထပ်ရတာကြောင့် ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် သံပြားကာကားတစီး ပျက်စီးခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်မှုတွေကို မုံရွာပကဖ ဒရုန်းလက်ရုံးတပ်၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး အမှတ် ၈ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃၊ ငမိုးရိပ်စစ်ကြောင်း၊ နွေဦးညီကိုများစစ်ကြောင်း၊ Elevel People Defense Force၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း လျှပ်စီးတပ်ခွဲ ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။