
ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလတာအတွင်း ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး အမြောက်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂ ယောက် အပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး လွိုင်ကော်၊ ဘောလခဲနဲ့ ဖယ်ခုံမှာ ၁၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်က ဒီးမော့ဆိုမြို့နယ်မှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာ ၂ ရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးတယောက် ဗုံးစထိမှန်ခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်မှာလည်း စစ်တပ်က ပိန်းချစ်ကျေးရွာကို လက်နက်ကြီး ရမ်းသန်း ပစ်ခတ်တာကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးပြီး ၅ လသားအရွယ် ကလေးငယ်တယောက်နဲ့ အမျိုးသမီးယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ နဲ့ ၁၄ ရက်မှာလည်း မိုးဗြဲမြို့နယ်ကို လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။
အလားတူ ဇန်နဝါရီ ၁၅ ရက်ကလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဘိုးလျားကျေးရွာနဲ့ ဒေါဆိုခူ ကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း လွယ်ပေါကျေးရွာနဲ့ နမ့်ပေါ်လုံကျေးရွာကို စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၅ ရက်ကလည်း လက်နက်ကြီးပစ်ခတ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်မှာလည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၃၁ ရက်မှာလည်း ဘောလခဲမြို့နယ်မှာ စစ်တပ်က လေကြောင်းဗုံးကြဲလို့ အရပ်သားတယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကေခိုင်