
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ် ၄ ယောက်ကို စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ နေအိမ်ပေါ်အထိ တက်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်တွေက အရပ်သား လူငယ် ၄ ယောက်ကို ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက နေအိမ်ပေါ်အထိ တက်ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်မှုထမ်းစာရင်းထဲပါတာလည်း မဟုတ်ဘူး။ စစ်ကောင်စီတပ်နဲ့ အုပ်ကြီးက အိမ်ပေါ်အထိ လာဖမ်းခေါ်သွားတာ။ အားလုံး ၄ ယောက် ဖမ်းခေါ်ခံထားရတယ်။ အခေါ်ခံရပြီးမှ စစ်မှုထမ်းခေါ်တာလို့ သိရတာ။ ကောင်လေးတွေရဲ့ အမေတွေဆို ရူးသလိုတောင် ဖြစ်နေတယ်” လို့ ပြောပါတယ်။
အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီတပ်နဲ့ တလုပ်ထော်မြို့ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မြင့်ခိုင်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်စိုး၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးအောင်နဲ့ အုပ်ချုပ်ရေးမှူး သောင်းစိုးတို့က ဖမ်းဆီးခေါ်သွားတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “လူငယ် ၄ ယောက်ကို စစ်မှုထမ်းအတွက် ဖမ်းခေါ်ခံရတာ မှန်တယ်။ အုပ်ကြီးတွေက တိတိကျကျ သတင်းပေးလို့ ဖမ်းခေါ်တာပါ။ ဘယ်လိုစနစ်နဲ့ ခေါ်လည်းမသိဘူး။ စာမဆင့် မဲမနှိုက်တော့ဘဲ အတင်းအဓမ္မ ဖမ်းခေါ်တာလားတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းအတွက် ဖမ်းခေါ်ခံရတဲ့သူတွေဟာ မောင်ထက်ပိုင်၊ ကိုမင်းလွင်ဦး၊ မောင်ငပြဲ၊ မောင်ကျော်ကျော်တို့ဖြစ်ပြီး အသက် ၁၇ အရွယ် လူငယ် ၂ ယောက် ပါတယ်လို့ ဆိုပါတယ်။
ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအတွက် အခုလို အတင်းအဓမ္မ လိုက်လံ ဖမ်းခေါ်နေတာကြောင့် အရပ်သား လူငယ်တွေဟာ နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။