Home
မြန်မာသတင်း
စစ်မှုထမ်းရမည်ကို စိုးရိမ်ပြီး လှိုင်သာယာစက်မှုဇုန်က အလုပ်သမားများ အလုပ်ထွက်
DVB
·
February 3, 2025

အာဏာရှင် စစ်ကောင်စီတပ်ထဲမှာ အဓမ္မစစ်မှုထမ်းခိုင်းစေခံရမှာကို စိုးရိမ်တာကြောင့် ရန်ကုန် လှိုင်သာယာစက်မှုဇုန်က  စက်ရုံလုပ်သားတွေ အလုပ်ထွက်ပြီး  ရွှေ့ပြောင်းတာတွေ များလာတယ်လို့  အလုပ်သမား အသိုက်အဝန်းကနေ သိရပါတယ်။

နယ်ကနေ လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားတချို့ စစ်မှုထမ်းစာရင်းထဲပါပြီး စစ်တပ်ထဲ ဝင်ရမှာကို စိုးရိမ်ပြီး အလုပ်ထွက်ကာ နေရပ်ပြန်တာ၊ တခြားမြို့နယ်တွေဆီ ပြောင်းရွှေ့တာမျိုးတွေ ရှိနေတာပါ။

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်တယောက်က “ကျနော့် အောက်မှာ အလုပ်သမား ၄၀ လောက် ရှိတဲ့အထဲက ၈ ယောက်က အလုပ်ထွက်တော့မယ်။ တခြားလိုင်းတွေမှာလည်း ထွက်မယ့်သူတွေ ရှိတယ်။ သူတို့က ဒီမှာ ဆက်နေရင် မလုံခြုံဘူးဆိုပြီး စိုးရိမ်နေကြတာ။ သူတို့မိဘတွေကလည်း စိတ်မချလို့ ပြန်ခေါ်တာလည်း ရှိတယ်”လို့ ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတယောက်ကလည်း ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းစာရင်း ကောက်တဲ့အချိန်ကစလို့ အဆောင်နေ စက်ရုံလုပ်သားတွေ ရွှေ့ပြောင်းသွားတာတွေ တွေ့လာရတယ်လို့ ပြောပါတယ်။

အဲဒီလို အလုပ်ထွက်တာတွေ ဆက်တိုက်ရှိလာလို့ စက်ရုံတွေအနေနဲ့လည်း လုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ အခက်အခဲရှိလာတယ်လို့လည်း စက်ရုံ ရုံးပိုင်း တာဝန်ယူထားသူ တချို့က ဆိုပါတယ်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ HR တယောက်က “အရင်က ယောက်ျားလေးတွေလောက်ပဲ စိုးရိမ်ရတာ။ အခုက မိန်းကလေးတွေပါ စာရင်းကောက်နေပြီ ဆိုတော့ လုပ်ငန်းခွင်ထဲအထိပါ ဒီကိစ္စက ရိုက်ခတ်လာတယ်။ နယ်စပ်ကနေ တခြားနိုင်ငံကို ရတဲ့နည်းနဲ့ ခိုးထွက်မယ်ဆိုတာတွေ ပိုကြားလာရတယ်။ အလုပ်ထွက်တာ များလာရင် လုပ်ငန်းတွေပါ အများကြီး ထိခိုက်လာမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုလိုက်ပြီးနောက်မှာ ရပ်ကွက်အလိုက် စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့ အမျိုးသမီးတွေကိုပါ စာရင်းကောက်တာတွေ ရှိလာတာလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စက်ရုံတွေဆီက အလုပ်သမားတွေရဲ့ အချက်အလက်စာရင်းတွေကို မကြာခဏ တောင်းနေတာရှိပြီး စစ်မှုထမ်းစာရင်းအတွက် အသုံးချမှာကို စိုးရိမ်နေခဲ့ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိ မြေပြင်မှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းစာရင်း ကောက်နေပေမဲ့ အဲဒီလို လုပ်ဆောင်နေတာ မရှိဘူးလို့ စစ်ကောင်စီဘက်က ငြင်းဆန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ အရင်ကလည်း စစ်မှုထမ်းသင်တန်းဆင်းသူတွေကို ရှေ့တန်းပို့မှာမဟုတ်ဘဲ အဆိုပြုရာနေရာနဲ့ ကိုယ့်မြို့နယ်မှာပဲ လုံခြုံရေးတာဝန်ပေးမှာဆိုပြီး ပြောဆိုခဲ့ပေမဲ့ စစ်သင်တန်းဆင်းသူတွေ ရှေ့တန်းမှာ သေဆုံးတာ၊ တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်တာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် အခြား အတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေဆိုရင် စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို အမျိုးသား အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါး ရှိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013