ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာနဲ့ နောင်ကားကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီးငယ်တွေရဲ့ စာရင်းကို စတင်ကောက်ခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက လာရောက်ကောက်ခံပြီး အသက် ၁၈ ကနေ ၂၅ အတွင်းရှိ အမျိုးသမီး အကုန်ပါဝင်တယ်လို့ ပြောပါတယ်။
တောင်ကြီးမြို့ခံ အမျိုးသမီးငယ်တယောက်က “နာမည် အကုန်ပါနေတာ၊ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။ မနေ့က အိမ်လာကောက်တာ၊ စစ်မှုထမ်းရမယ်တဲ့၊ ကြားကြားပြီး အမေက မျက်နှာလည်းမလှတော့ဘူး၊ အမေတောင် ထမင်းမစားတော့ဘူး။ စိတ်အရမ်းညစ်တာပဲ” လို့ ပြောပါတယ်။
နာမည်စာရင်း ပါပြီးသားသူတွေကို ခရီးလည်းထွက်ခွင့်မရှိသလို အိမ်နဲ့ ဝေးဝေးလည်း မသွားဖို့ အုပ်ချုပ်ရေးမှူးက တပါတည်း ပြောသွားတယ်လို့ ပြောပါတယ်။
ဒေသခံအမျိုးသမီးက“ရွာမှာမရှိတဲ့သူတော့ နာမည်မပါဘူး၊ ရွာမှာရှိတဲ့သူ နာမည်ပါတယ်။ တချို့က ကံကောင်းလို့ ရွာမှာမရှိဘူး။ စိတ်ပျက်စရာကြီး၊ ဘယ်လိုမှန်းတောင်မသိဘူး။ အမှန်ဆို ဒီအရွယ်က ပညာသင်ခိုင်းရမှာကို စစ်မှုထမ်းခိုင်းနေတယ်” လို့ ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၃ ရက်မှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပြီး အဆိုပါဥပဒေအရ စစ်မှုထမ်းရမယ့် အမျိုးသမီးများ၊ အမျိုးသားများ ပြည်ပထွက်ခွင့် ပိတ်ပင်တာ အပါအဝင် အသေးစိတ်အချက်အလက်တွေကို ပြဋ္ဌာန်းထားပါတယ်။