Home
မြန်မာသတင်း
စစ်မှုထမ်းလူစားလဲရန် ငွေယူသည့် မြို့နယ်ရဲမှူးအပါအဝင် ၄ ဦးကို ဖမ်းဆီး
DVB
·
January 27, 2025
news-1
Screenshot-2025-01-27-at-20.28.4312
Screenshot-2025-01-27-at-20.28.533
Screenshot-2025-01-27-at-20.28.431

စစ်မှုမထမ်းရအောင် လူစားထိုးဖို့ ငွေတောင်းခဲ့တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်နဲ့ ခရိုင်ထွေအုပ် စာရေးတို့ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းခေါ်တာနဲ့ပတ်သက်လို့ ငွေကြေးအလွဲသုံးစားလုပ်နေတယ်ဆိုပြီး ဇန်နဝါရီ ၂၆ ရက်က တိုင်ကြားလာတာကြောင့် စိစစ်ရာမှာ ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်တဲ့ ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့ဟာ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်မှာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီလောက်က ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတုန်းမှာ ကျောက်မြစ်ရွာမှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မောင်ကျော်မင်းခန့်ဟာ ဧည့်စာရင်းမတိုင်ဘဲ ရောက်ရှိနေထိုင်တာကိုတွေ့ရလို့ ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမယ်ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုခေါ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ် သိန်း ၁၃၀ ပေးမယ်ဆိုရင် လူစားလဲပေးမယ်ဆိုပြီး မောင်ကျော်မင်းခန့်ရဲ့ မိဘတွေကို ဆက်သွယ် ပြောဆိုတာကြောင့် ဇန်နဝါရီ ၂၅ ရက်မှာ သွားပေးခဲ့တယ်လို့ သိရကြောင်း ဆိုပါတယ်။

ဆက်လက်စိစစ်ဖော်ထုတ်ချက်များအရ အဲဒီငွေကျပ်သိန်း ၁၃၀ ကို ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မဲ့ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်မှာ နေထိုင်သူ သန်းစိုးထိုက် က သိန်း ၅၀ စီ ခွဲယူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့ကို ဖမ်းဆီးပြီး ငွေတွေကိုတော့ ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲလောက်မှာ မောင်ကျော်မင်းခန့်ရဲ့ မိသားစုတွေဆီ ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ သူတို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရအကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသားတွေကိုပဲ ဆင့်ခေါ်နေပြီး ဥပဒေနဲ့မညီဘူးဆိုရင် တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်စေခဲ့ပြီး အခုအချိန်အထိ သင်တန်း ၁၀ ကြိမ်ပေးထားပြီဖြစ်ပါတယ်။

Photo - CINCDS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024