Home
မြန်မာသတင်း
ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ခရီးသည် ၃ ဦး ဒဏ်ရာရ
DVB
·
January 26, 2025

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားလမ်းပေါ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့်  ခရီးသွားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရီးသည်တင် ကားတစီးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီခွဲလောက်က ရေကြည်ဦးရွာတောင်ဘက်က လမ်းပေါ်ကို ကန့်ဘလူမြို့နယ်၊ ဆည်ကန်ရွာမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်က  တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်တောင်ပိုင်းဒေသခံတယောက်က “တိုက်ပွဲလည်းမရှိဘူး၊ စစ်ကြောင်းလည်း မရှိဘူး။ အဲလို ဘာမှမရှိဘဲနဲ့ကို စစ်တပ်က ဗုံးကြဲချသွားတာပါဗျ။ ဗုံးသီးကြဲချလို့ ခရီးသည်တင် လိုင်းကားပေါ်မှာပါလာတဲ့ ခရီးသည်အမျိုးသမီး ၂ ဦး၊ ကားသမား ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်ဗျ။ အမျိုးသမီး ၂ ဦးထဲက တဦးကတော့ ဒဏ်ရာရတာပြင်းထန်လို့ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ကားကလည်း ဘီးတွေပေါက်ပြီး တစီးလုံး ရစရာမရှိအောင် ပျက်စီးခဲ့ရတယ်။ ဘာလို့ အဲလိုလုပ်တာလဲဆိုတာကတော့ အတိအကျ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မပြောနိုင်ပါဘူးဗျ။ ကျနော်တို့အရပ်သားအမြင်ကတော့ ပြည်သူကို အကြောက်တရားသွင်းတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တဲကြီးကုန်းရွာအနီးဝန်းကျင်မှာလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူခရိုင်တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတယောက်က “တိုက်ပွဲကမဖြစ်ဘူးရယ်။ သူတို့ချချင်လို့ကို ချသွားတာ။ အခုလို စည်းကမ်းမဲ့ဗုံးသီးကြဲချတာကတော့ ဘယ်လိုမှ  စစ်တပ်တခုရဲ့အင်္ဂါရပ်နဲ့ မကိုက်ညီဘူး။ သူတို့လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေတာ။ အခုလည်း ဘာမှမဆိုင်တဲ့ ပြည်သူတွေ ထိခိုက်တာ။ ကျနော်တို့အဖွဲ့အနေနဲ့ စိတ်မကာင်းဖြစ်မိပါတယ်။ ခရီးသွားပြည်သူ တွေအနေနဲ့လည်း အနေအထိုင်အသွားအလာများကို လိုအပ်မှသွားကြပါလို့ပဲပြောချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာရွာ၊ ရေရှင်ကြီးရွာ၊ အောင်တိုင်းလယ်ရွာ၊ မှန်နီပင်ရွာတို့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ၇ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024